မဲခေါင်၊ ဇွန် ၂၅
ဒီနေ့ မနက် ၁၀ နာရီခန့်ကစပြီး စစ်ကောင်စီ နဲ့ TNLA ပူးပေါင်း မိုးကုတ်ဗျူဟာ PDFတို့ ပစ်ခတ်နေတဲ့ တိုက်ပွဲဟာ ညနေပိုင်းမှာ ပစ်ခတ်မှုပိုမိုပြင်းထန်လာပြီး ၇ နာရီခန့်မှာ နှစ်ဖက် အပစ်အခတ် ရပ်သွားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင် အနောက်ဘက် ဘားဂါးကျေးရွာက စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ပူးပေါင်း မိုးကုတ်မဟာဗျူဟာ တပ်ရင်း ၄ ရင်းဖြစ်တဲ့ ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နဲ့ ၁၂၂၄ ဘက်က အင်အား ၄၀၀ကျော် အနည်းဆုံးစစ်ကြောင်း ၂ကြောင်းခွဲပြီး စတင်ပစ်ခတ်ရာက အပြန်အလှန်တိုက်ပွဲ ဖြစ်ပွါးနေခဲ့တာပါ။
ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးအပါအဝင် အတွဲလိုက်ဒုံးပစ်ခတ်မှုတွေပါ ရှိလာတယ်လို့ ဒေသခံတွေ အပြောအရသိရပါတယ်။
ညနေ ၆ နာရီ ၂၀ မိနစ် လောက်က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်တစ်ခု လေပေါ်မှာတင် ပေါက်ကွဲခဲ့ပုံကို ဒေသခံအမျိုးသမီးတစ်ဦးက “ ပစ်မှတ်မရောက်ခင် လေပေါ်မှာတင် မီးပန်းတွေဖွာပြီးကွဲသွားတာ။ ထွက်သွားတဲ့မီးစ အရမ်းမြန်တယ်၊ တစ်ဝက်လောက်မှာ အငွေ့ပဲမြင်လိုက်ရတယ်” လို့ ပြောပြပါတယ်။
ဒေါ်နန်းကြည်တောင် အနောက်ဘက်မှာ တနေကုန် ပစ်ခတ်မှုဖြစ်နေတဲ့အချိန် မိုးကုတ်မြို့ထဲမှာ စစ်ကောင်စီတွေ ပတ်နေခဲ့တယ်လို့ သိရပါတယ်။
ည ၇ နာရီ ထိုးခါနီးမှာတော့ နှစ်ဖက်စလုံး အပစ်ရပ်သွားတယ်လို့ ဆိုပါတယ်။ မိုးကုတ်ဒေသခံတွေကတော့ တိုက်ပွဲဟာ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဖြစ်ခဲ့တာဆိုပေမယ့် အရှေ့ပိုင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း စိုးရိမ်ထိတ်လန့်ခဲ့ရသလို အခုရပ်သွားတာဟာ တိုက်ပွဲပြီးသွားတာ မဖြစ်နိုင်သေးတာကြောင့် ဘယ်ပြေးရမှန်းမသိလို့ လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း မိုးကုတ်မှာ ပစ်ခတ်မှုစတင်ချိန်မှာပဲ မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်က ချောင်းကြီးတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရသလို မတ္တရာမှာလည်း တိုက်ပွဲဖြစ်ပွါးခဲ့လို့ ကားတွေ အထူးသဖြင့် ကုန်ကားကြီးတွေ သွားလာလို့မရသေးပါဘူး။
ဒီနေ့တရက်ထဲမှာပဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့တွေအပြင် ရှမ်းမြောက် မိုးမိတ်၊ ကျောက်မဲ၊ နောင်ချိုတို့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပူးပေါင်း PDF၊ ဓနုတော်လှန်ရေးတပ်ဦး-DPLFတို့က မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတာဖြစ်ပါတယ်။
CJ001








