မဲခေါင်၊ ဇွန် ၂၅
ရှမ်းမြောက်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေက နောင်ချိုမှာတော့ နေရာအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရမိပြီဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ယနေ့ ဇွန် ၂၅ ရက် ညနေ ၄ နာရီအထိ ရရှိထားတဲ့သတင်းတွေအရ နောင်ချိုမြို့ရဲ့ ဆေးရုံ၊ မိုးဇလ၊ မီးသတ် တို့ကို TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ညနေ ၃ နာရီမှာ သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။
“ဌာနက ကျသွားပြီး ကားတွေတောင် မီးလောင်ကုန်တယ်၊ လူတွေကတော့ ရှောင်တိမ်းနေကြလို့ အထိအခိုက်မရှိဘူး”လို့ နောင်ချို မီးသတ်နဲ့ဆက်စပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နေ့လည် ၁ နာရီနဲ့ ၂ နာရီကြားမှာ မိုးဇလရုံးကို သိမ်းပိုက်ကာ ဆေးရုံနဲ့ မီးသတ်ကို ညနေ ၃နာရီ မှာ သိမ်းပိုက်နိုင်တာလို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်ချို စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းကို အပြင်းအထန်တိုက်ခိုက်နေရာက ညနေ ၄နာရီခွဲမှာ ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ခမရ-၁၁၄ နဲ့ ၁၁၅ ကိုတော့ ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရှော့တိုက်ဒုန်း ၂ လုံးကြောင့် စစ်ကောင်စီတပ်က ၇ ဦး သေဆုံးတယ်လို့ပြောပါတယ်။ ပြည်သူထဲကတော့ ဘူတာရပ်ကွက်က အမျိုးသား တစ်ဦး ကျည်ထိမှန်ဒဏ်ရာထားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာ PDF တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နဲ့ ၁၁၂၄ အပြင် ဓနုတပ်မတော် DPNA ၊ MDY-PDF တို့ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ တိုက်ပွဲနဲ့ပါတ်သတ်ပြီး ယနေ့ဇွန်လ ၂၅ရက်၊ ညနေ ၅ နာရီထိရရှိတဲ့သတင်းတွေအရ ကျောက်မဲမြို့ ဗဟိုစျေး မြောက်ဘက်စျေးဆိုင်တန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး ရပ်ကွက်-၇ မှာရှိတဲ့ ခရိုင်အဆင့်အုပ်ချုပ်သူတွေနေတဲ့ တိုက်-၄လုံး မြောက်ကုန်းအနီးက လမ်းသုံးခွဆုံမှာ စောင့်နေတဲ့ TNLA က ယင်းနေရာကိုလာတဲ့ ကား ၂ စီးကို ပစ်ခတ်လို့ ယာဉ်ပေါ် ပါသူတွေ သေကုန်တယ်လို့ပြောပါတယ်။
ညနေ ၄နာရီခွဲမှာတော့ ပစ်ခတ်ခဲ့တဲ့ နေရာကိုလာတဲ့ မတ်တူး ကား တစ်စီးနဲ့ စီအာဗွီ ကား တစ်စီးတို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတွေထဲမှာ ဘယ်သူတွေပါတယ်မသိရပေမယ့် စစ်ကောင်စီ(စရဖ)နဲ့ လုံခြုံရေးတွေ စီးနေကျကားတွေလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
“၂ စီးလုံး ဒဏ်ရာရသူတွေလဲရှိတယ်၊ အာပီဂျီရော လက်နက်ငယ်ရောအစုံပဲပစ်တာ၊ ဘယ်သူမှ အနားမကပ်ရဲဘူး၊ လူနာတင်ကားလဲ လာတာမတွေ့ဘူး၊ မလာရဲကြတာလားမသိဘူး၊ အခုပဲ လေယာဉ်နဲ့ ဗုံး တစ်လုံးလာချတယ်၊ ငြိမ်းချမ်းရေးကုန်းဘက်အသံကြားတယ်”လို့ ရပ်ကွက်-၇ နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ညနေ ၄း၅၀ မှာ ကျောက်မဲမြို့ထဲကို လေယာဉ်က ဗုံးချပြီး ပြန်သွားသော်လည်း ထိခိုက်မှုတွေ မသိရသေးကြောင်း ပြောပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်-နောင်ချိုလမ်း ကို နန်းလင်းခမ်းမှာ စစ်ကောင်စီတပ်က ပိတ်ထားသလို မန္တလေး-မိုးကုတ်နဲ့ မြစ်ကြီးနားလမ်းတွေကို ပြည်သူတွေ မနက် ၇ နာရီကနေ ၆ နာရီအတွင်းသာ သွားလာကြဖို့နဲ့ သတင်းစုံစမ်းပြီး အထူးသတိထားသွားလာကြဖို့ ပြင်ဦးလွင်ခရိုင် PDF က စာထုတ်ပြန်ထားပါတယ်။
MK-012








