မဲခေါင် ဇွန် ၂၄
ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။
လာမယ့် ဇွန်လ ၂၅ ရက်နေ့ကစပြီး မင်းစုရပ်ကွက် Techno World မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေက သံချပ်ကာ၊ တင့်ကား၊ လေကြောင်း အပြည့်စုံသုံးပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားတာကြောင့် လွိုင်ကော်မြို့မရဲစခန်း အနီးက နေအိမ်တွေကို တိမ်းရှောင်ခိုင်းနေတာလို့ ဆိုပါတယ်။
“ယူစရာရှိတာ မြန်မြန်ယူ မြန်မြန်ထွက်ပေါ့နော် နောက်ကျရင် သူတို့က တာဝန်မယူဘူးပေါ့။ စစ်ကြောင်းထိုးမှာလား၊ ခိုးမှာလား မသဲကွဲဘူး။ တစ်မြို့လုံး ပြောင်နေအောင် ခိုးပြီးမှ ကြေညာတယ်ဆိုတော့ အခုက တရားဝင် ခိုးတော့မယ်ဆိုတဲ့သဘော” လို့ နေရပ်ပြန် ပစ္စည်းယူဖို့ ရောက်ရှိနေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ တစ်မြို့လုံးနီးပါး ပျက်စီးနေတဲ့ လွိုင်ကော်မြို့မှာ အိမ်းတိုင်းလိုလို အတွင်းပစ္စည်းတွေ မကျန်တော့တာကြောင့် ပစ္စည်းပြန်ယူသူတွေအတွက် အချည်းနှီး ဖြစ်နိုင်တဲ့အပြင် စစ်ကောင်စီဘက်က ကျောင်းဖွင့်ရာသီရောက်မှ စစ်ကြောင်းထိုးဖို့ စီစဉ်နေတာကြောင့် မြို့တွင်း ကျန်ရှိနေတဲ့လူတွေကို လူသားဒိုင်း လုပ်နိုင်တယ်လို့ တော်လှန်ရေး မြေပြင် သတင်းအရင်းအမြစ်တွေက သတိပေးပါတယ်။
ဒါ့အပြင် မင်းစုရပ်ကွက်က ဒေသကွက်ကဲမှု စစ်ဌာနချုပ်(ဒကစ) အနီးက နေအိမ်တွေကိုလည်း စစ်တပ်က မထိန်းနိုင်တော့ဘူးလို့ဆိုကာ အမြန်ထွက်ခိုင်းနေပြီး လာမယ့် ဇွန်လ ၂၅ ရက်နေ့ စစ်ကြောင်းထိုး၊ မိုင်းရှင်းလင်းပြီးတဲ့ ရက်ရောက်ရင်တော့ နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
“ပစ္စည်းက မရှိရင် ပြန်ရှာလို့ ရတယ်။ အစားထိုးလို့ရတယ်။ လူ့အသက်က အစားထိုးလို့ မရဘူး။ ကျနော်တို့ကတော့ ပစ္စည်းပြန်ယူချင်တာတောင် ယူဖို့အိမ်က မရှိတော့ဘူး” လို့ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ကို ဝင်ဖို့ ဖွင့်ထားပေးတဲ့ ဖယ်ခုံလမ်း တစ်လျှောက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း ဆေးဝါးနဲ့ အစားအသောက် သယ်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးနေပြီး ထောင် ၃ နှစ် ချလို့ရတဲ့ ပုဒ်မတွေ တပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်အတွင်း မြို့ခံတချို့ဟာ နေရပ်ပြန်လာကြပေမယ့် အများစုက ပစ္စည်းပြန်ယူသူတွေ ဖြစ်ပြီး လက်ရှိမှာတော့ ထပ်မံတိန်းရှောင်သွားပြီလို့ စုံစမ်းသိရပါတယ်။
MK014














