မဲခေါင်၊ ဇွန် ၂၁
ရှမ်းမြောက် နောင်ချိုနဲ့ မိုးကုတ်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရကာ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ PSLF/TNLA က ဇွန် ၂၀ ရက်ကထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ မိုးကုတ်မြို့နယ်၊ တာဝိတ်ကျေးရွာကို မနေ့ဇွန် ၂၀ ရက်နေ့ ညနေ ၄း၅၅ နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာပြီးဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်မှာလည်း အုမ္မတီးမှာ တပ်စွဲထားတဲ့ စစ်တပ်က ဆမ္မဆယ်ကျေးရွာကို မနက် ၈ နာရီမှာ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ဇွန် လ ၁၉ ရက် ညနေ ၅နာရီခွဲခန့်မှာလည်း မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က 45mm အမျိုးအစားလက်နက်ကြီးနဲ့ ဆလောင်းတောင်အနီးကို ၄ လုံးနဲ့ ၅ နာရီကျော်မှာ ညောင်ကုန်းရွာကို ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၁၈ ကနေ ၂၀ ရက်အထိ ဂျက်လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အသက် ၁၀ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
MK-012








