မဲခေါင် ဇွန် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ အဓိက အိမ်ငှါးခတွေ ဈေးတက်လာတာဖြစ်ပြီး အနည်းဆုံး ၆ လချုပ်တွေ ဖြစ်တာကြောင့် လက်ရှိစာချုပ်သက်တမ်း ကုန်နေဆုံးသူတွေက နောက်ထပ်ချုပ်ဖို့ ငွေကြေးခက်ခဲနေတယ်လို့ ဆိုပါတယ်။
“သူများတော့ ပြန်ကြပြီလေနော်။ ကျမတို့ကတော့ မပြန်ရဲသေးတော့ ထပ်ချုပ်ရမှာပေါ့။ ဘုန်းကြီးကျောင်းတွေလည်း ဘယ်သူမှတစ်သက်လုံး လက်မခံဘူးလေ။ ခဏတစ်ဖြုတ်ပဲ နေလို့ရတာ။ တခြားမြို့ကြတော့လည်း ဈေးတော့ သက်သာပါတယ်။ လုပ်စားဖို့မရှိတော့ အဆင်မပြေဘူး” လို့ တောင်ကြီးမြို့တွင်း အိမ်ငှား နေထိုင်နေသူ တစ်ဦးက ပြောပါတယ်။
အရင်က အိမ်တစ်လုံးကို အနိမ့်ဆုံး တစ်သိန်းကျပ်သာ ရှိခဲ့ပေမယ့် လက်တလောမှာတော့ တစ်သိန်းခွဲကျပ်အထိ ပေးနေရပြီး အခန်းငှားခတွေလည်း အရင်နှစ်တွေထက် ကျပ် ၅ သောင်းခွဲ ကနေ ၇ သောင်းကျပ်အထိ တက်လာတယ်လို့ ပွဲစားတွေဆီက သိရပါတယ်။
ဒါ့အပြင် တချို့အိမ်တွေဟာ နေထိုင်တဲ့လူဦးရေအလိုက် ဈေးနှုန်းအပြောင်းအလဲရှိတာ၊ သတ်မှတ်လူဦးရေထက် ပိုနေလို့မရတာတွေကြောင့် မိသားစုအချင်းချင်း ပေါင်းနေလို့ မရဘဲ ကုန်ကျစရိတ်က ပိုများလာတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
“ဒီမှာက မြို့ပေါ်ဆိုတော့ ထင်သလောက် အဖွဲ့အစည်းတွေက မများဘူးပေါ့။ ပင်လောင်းဘက်ကတော့ အကူညီကပေါတယ်။ ဒါမဲ့ သူများလှူတာပဲ ထိုင်စားနေလို့ မရဘူးလေ။ အလုပ်ကိုင်ကြတော့ တောင်ကြီး၊ ညောင်ရွှေ၊ အေးသာယာတို့ဘက်ပဲ ရှိကြတာ။ ဒီတစ်လ ဈေးတက်လာပြီဆိုတော့ စာချုပ်ကုန်ရင် သက်သာတဲ့မြို့ ပြောင်းနေရမှာပေါ့” လို့ ပြောပါတယ်။
တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ အိမ်ငှားနေကြသူတွေဟာ ကရင်နီပြည်နဲ့ ဆီဆိုင်မြို့နယ်ဘက်တွေက တိန်းရှောင်လာသူတွေဖြစ်ပြီး တစ်နိုင်တစ်ပိုင် ဈေးရောင်းတာ၊ တချို့ လုပ်ငန်းတွေမှာ အောက်ခြေသိမ်း သွားရောက်လုပ်ကိုင်တာ၊ ရိုးရာအစားသောက်တွေ ချက်ရောင်းတာတွေ လုပ်ကိုင်ကြတယ်လို့ စစ်ဘေးရှောင် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဆီဆိုင်နဲ့ လွိုင်ကော်မြို့ကို မေလ နောက်ဆုံးအပတ်ကစပြီး တစ်သုတ်ပြီးတစ်သုတ် ပြန်ကြတဲ့သူတွေ ရှိပေမယ့် ရှမ်းတောင်ဒေသတွင်းမှာ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင် ၅ သောင်းကျော်နဲ့ လွိုင်ကော်မြို့က ၂ သိန်းကျော် ကျန်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်အရေး သုတေတနလုပ်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
MK014








