မဲခေါင် ဇွန် ၁၂
ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)နဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဝါဒဖြန့်ထားပါတယ်။
တကယ့်လက်တွေ့ မြေပြင်အခြေအနေမှာတော့ အရင်ကတည်းက လွိုင်ကော်မြို့တွင်းမှာ ကျန်နေခဲ့တဲ့ စစ်မှုထမ်းဟောင်းအခြေစိုက် ရပ်ကွက်တွေနဲ့ စစ်တပ်ဝင်းအနီးတဝိုက်ရှိ စစ်တပ်မိသားစုဝင်တွေ နေထိုင်ကြတဲ့ ရပ်ကွက်တွေကိုပဲ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။


စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာနဲ့ပါတ်သတ်ပြီး ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “လွိုင်ကော်မှာ ၁၄ ရပ်ကွက်ရှိတယ်။ အဲ့ဒီထဲမှာ သူတို့ထိန်းချုပ်နိုင်တာက ထက်ဝက်တောင် မရှိဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ မထင်ရင်မထင်သလို လက်နက်ကြီး ရမ်းပစ်တာတွေရှိတယ်။ လုံခြုံရေးလုံးဝ စိတ်ချလို့ မရသေးဘူးလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ Non-CDM ဝန်ထမ်းတွေကိုလည်း အတင်းအကျပ် ဖိအားပေး ပြန်ခေါ်ထားတာကြောင့် နောက်ဆက်တွဲအနေနဲ့ သူတို့မိသားစုတွေပါ ပါဝင်လာပြီး အရင်ကတည်းက ကျန်ရှိနေတဲ့စစ်တပ်မိသားစုဝင်တွေနဲ့ အကုန်ပေါင်းကာ လူစည်ကားသယောင် ဝါဒဖြန့်နေကြတာလို့ ဆိုပါတယ်။
လက်ရှိ လွိုင်ကော်ြမို့ပေါ်မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အနည်းငယ်လည်ပတ်တာတွေ ရှိနေပေမယ့် မြို့စွန်ရပ်ကွက်အပါအဝင် မြို့တွင်းရပ်ကွက်တချို့တွေကိုလည်း ထိန်းချုပ်နိုင်တာမျိုး မရှိတဲ့အပြင် အဲ့ဒီနေရာတွေကိုတောင် သွားရဲလာရဲ မရှိသေးဘူးလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေဆီက သိရပါတယ်။
နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက “အနည်းငယ် ပြန်နေကြတာတော့ ရှိတာပေါ့နော်။ ထက်ဝက်တောင် ပြောလို့ မရသေးပါဘူး။ ဓာတ်ပုံတွေထဲမှာ စည်ကားနေတယ် ဆိုတာက ပစ္စည်းပြန်ယူတဲ့သူ၊ ခဏတဖြုတ် အိမ်ပြန်ကြည့်တဲ့သူတွေနဲ့ စည်ကားသွားတာပါ။ အဲ့လူတွေလည်း အခု ပြန်ထွက်သွားကြပါပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့သူတွေဟာ မေလ နောက်ဆုံးပတ်ကတည်းက တိန်းရှောင်သူတွေ နေရပ်ပြန်လာကြပြီး လူဦးရေ ၈ သောင်းခန့် နေထိုင်နေကြပြီလို့ ဝါဒဖြန့်ထားပေမယ့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ နီးတဲ့ မင်းစု၊ ဒေါနိုကူး ရပ်ကွက်တွေလောက်သာ ထိန်းချုပ်ထားနိုင်တာပါ။
ကျန်တဲ့ ၅ ရပ်ကွက်မှာလည်း နေရပ်ပြန်လာသူတွေ အနည်းငယ်နေထိုင်နေကြပေမယ့် စစ်ကောင်စီဘက်က အပြည့်အဝထိန်းချုပ်နိုင်တာမျိုး မရှိတဲ့အပြင် မြေမြုပ်မှိုင်းတွေမရှင်းလင်းရသေးတာကြောင့် လုံခြုံရေးစိတ်ချလို့ မရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တချို့ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ရှော့တိုက်ဒုန်းတွေ မကြာခဏ ဦးတည်ပစ်ခတ်မှုတွေရှိနေပြီး အချိန်မရွေးတိုက်ပွဲပြန်လည် ပြင်းထန်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ နေရပ်မပြန်သင့်သေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ အသီးသီး တာဝန်ရှိသူတွေ သတိပေးထားပါတယ်။
MK-014










