မဲခေါင် ၊ ဇွန် ၈
ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်က စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံရောက် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ကိုသာ မှီခိုနေရတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုမရောက်ရှိသေးတဲ့အတွက် အခုလို မှီခိုနေရတာလို့ လဲဆိုပါတယ်။
ဒေသတွင်းကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “စစ်ရှောင်လူဦးရေ အနေအထားက တအားများတဲ့အတွက် လုံလောက်မှုတော့ မရှိဘူးပေါ့နော်၊ Supporting ပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်သွယ်ပြီးတော့ တတ်နိုင်တာတွေတော့ လာကူညီကြတယ်၊ ကျနော်တို့လည်း အဆင်ပြေသလိုပဲ လုပ်ရတာပေါ့နော်” လို့ ပြောပါတယ်။
ဖားဆောင်းစစ်ဘေးရှောင်တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းကစပြီး ထိုင်းနိုင်ငံနယ်စပ်ကို အရင်ဆုံး တိန်းရှောင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် မတ်လလောက်မှာတော့ ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးခဲ့တာကြောင့် ဖားဆောင်းမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ တောတောင်နေရာတွေမှာ တဲထိုးနေထိုင်နေရတယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့နယ်ရှိ စစ်ဘေးရှောင်တွေဟာ ဖားဆောင်းရဲ့ အနောက်ဘက် ဝမ်အောင်းရွာ (ကယား) နဲ့ အရှေ့ဘက် ဝမ်အောင်းရွာ (ရှမ်း) တို့မှာ စခန်းချ နေထိုင်ကြပြီး ဖားဆောင်း PDF က အပြည့်အဝ ထိန်းချုပ်ကူညီ ပေးထားတယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ ကျန်းမာရေးပိုင်းပေါ့။ အခုကလည်း မိုးတွင်းကာလဖြစ်ပြီဆိုတော့ ကလေးတွေလည်း ဖျားနာတာတွေ၊ ငှက်ဖျားမိတာတွေဖြစ်လာပြီဆိုတော့ ဆေးဝါးပြဿနာကို အရမ်းစိုးရိမ်ရတာပေါ့နော်။ ပြီးတော့ တဲလေးတွေဆောက်ထားပေးတဲ့ စစ်ရှောင်နေရာမှာလည်း မိုးကာကလည်း အဆင်မပြေဘူး။ ကလေးတွေလည်း ကျောင်းဖွင့်ဖို့ လုပ်ထားတာဆိုတော့ စာအုပ်တွေ၊ သူတို့အသုံးအဆောင်ပစ္စည်းတွေ အများကြီးလိုတာပေါ့။ အခက်အခဲတွေ အများကြီးရှိတာပေါ့နော်” လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆက်ပြောပြပါတယ်။
ဘောလခဲခရိုင်အတွင်း စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး ဖားဆောင်းစစ်ဘေးရှောင်စခန်းမှာတော့ လူဦးရေ တစ်ထောင်ကျော်ရှိကာ စားဝတ်နေရေးအပြင် ကျန်းမာရေးနဲ့ ပညာရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
ဖားဆောင်းမြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကို ဖေဖော်ဝါရီလကတည်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၁၃၄၊ ၁၃၅ တပ်ရင်းနှစ်ခု ကျန်ရှိနေပြီး အဲ့ဒီတပ်ရင်းတွေကလည်း မြေပြင်စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် တပ်ဝင်းထဲကနေ အပြင်ကို ထွက်မလာရဲတော့ဘူးလို့ စုံစမ်းသိရပါတယ်။
MK-015








