မဲခေါင်၊ မေ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးဘက်တွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ပြီး အခိုင်အမာခံစစ်တွေပြုလုပ်နေသလို EAOs တွေဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
TNLA နဲ့ SSPP တပ်ဖွဲ့တွေ ခြေကုတ်ယူထားတဲ့ သီပေါမြို့နယ်က စဉ့်အင်တံတားအလွန် နောင်ကွဲမှာ စစ်တပ်က အခိုင်အမာ ကွန်ကရစ်ဘန်ကာတွေကို ယမန်နေ့မေလ ၂၁ ရက်က စတင်ပြီး စက်ယန္တရားတွေနဲ့ဆောက်နေသလို မိုးကာအလုံပိတ်ကားတွေနဲ့ ကျောက်မဲမြို့ စကခ(၁)ကိုအင်အားရာချီရှိတဲ့ အသက်ငယ်ရွယ်ပုံရပြီး တင်းမာခက်ထန်တဲ့ မျက်နှာပေးရှိတဲ့ ရဲဘော်သစ်တွေ အများအပြား ရက်ပိုင်းအတွင်းရောက်လာနေ တယ်လို့ ဒေသခံတစ်ဦးကမဲခေါင်ကို ပြောပါတယ်။
“လူထုကတော့ ဒီလိုစစ်ပြင်မှုဟာ ၁၀၂၇ ထက် ဆိုးနိုင်တယ်လို့ ယူဆနေကြလို့ မဖြစ်ခင်ပြေးဖို့ ပြင်နေကြပြီ၊ မကြာခင်ဖြစ်တော့မယ်လို့ ထင်ကြတယ်၊ ကျောက်မဲတောင်ပေါ်တွေမှာလည်း ပလောင်ရော ရှမ်းရော အများကြီးရောက်လာနေတယ်`လို့ သီပေါဒေသခံ တစ်ဦးက ပြောပါတယ်။
ကျောက်မဲနဲ့ သီပေါကြားက နားခဲကျေးရွာဘက် တိုးဂိတ်မရောက်ခင် SSPP တပ်စွဲထားတဲ့ စာသင်ကျောင်းမှာလည်း တပ်အဝင်အထွက်တွေ များပြားလာနေတယ်လို့ ဆိုပါတယ်။
“ပလောင်နယ်မြေ ဗျုဟာမှူး ကတော့ သူ့ကားတွေနဲ့ပစ္စည်းတွေကို မြို့ခံမိတ်ဆွေတစ်ဦးကို အပ်ပြီးမင်းတို့လဲ အခြေအနေတွေ စောင့်ကြည့်နားထောင်ပြီးနေ”လို့ ပြောကြောင်း သိရပါတယ်။
အလားတူ လားရှိုးနဲ့ မိုင်းရယ်ကြားမှာ ယခင်က လမ်းဂိတ်ကင်း ၅ ခုသာရှိရာက ရက်ပိုင်းမှာ အင်အားအများအပြားနဲ့အတူ ဂိတ် ၂ ခု တိုးလာသလို မိုင်းရယ်နဲ့ကျေးသီးကြားမှာတော့ စစ်ကောင်စီတပ်က ဂိတ် ၅ ဂိတ်နဲ့ အခိုင်အမာအင်အားတွေစုဖွဲ့နေတယ်လို့ပြောပါတယ်။
မေလ ၂၁ ရက်မှာ TNLA တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ကျော်ဟာ ကွတ်ခိုင်မြို့အတွင်း လက်နက်နဲ့စစ်ထွက်ဝတ်စုံအပြေးတက်ပုံစံနဲ့ အင်အားပြချီတက်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နောင်ချို အနောက်ပိုင်းရွာတွေဖြစ်တဲ့ သုံးဆယ်၊ ပါဟက်၊ ဇာလီ၊ ဖြူကြောင်နဲ့ သရက်ကုန်းဘက်မှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေလို့ စစ်ရှောင် ၃၀၀၀ ကျော်ဟာ နောင်ချိုအနောက်မြောက်ဘက်ကရွာတွေဖြစ်တဲ့ ဟိုခုံ၊ လုံခံ၊ နားခါး စတဲ့ PDF နဲ့ TNLA ရှိတဲ့ ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက်မှာ ယခု ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ စစ်ရေးပြင်ဆင်မှုတွေ၊ အင်အားပြမှု၊ ဖြည့်တင်းမှုတွေ တိုးလာနေတာဖြစ်လို့ ဒေသခံတွေက ၁၀၂၇ထက် ပိုမိုဆိုးဝါးနိုင်တဲ့ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
MK-012








