မဲခေါင် မေ ၂၀
စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ကဇူးအခြေစိုက် စခန်းဟာ ဗန်းမော် – မြစ်ကြီးနား လမ်းပေါ်မှာရှိပြီး ထောက်ပို့မှာအရေးပါတဲ့ စခန်းဖြစ်ပါတယ်။ စခန်းကို သိမ်းပိုက်ပြီး ဒီနေ့ မေလ ၂၀ ရက်နေ့ မနက်မှာတော့ အဲဒီ စစ်ကောင်စီ စခန်းကို မီးရှို့ ဖျက်ဆီး ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်။
“ကဇူး၊ ဒဘတ် မနေ့က အပြီးသတ် သိမ်းပိုက် လိုက်နိုင်ပြီ။ ခါးရှိရွာက စစ်ကောင်စီ စခန်းကိုလည်း မနေ့ ၁၁ နာရီလောက်က သိမ်းလိုက်ပြီ”” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၀ိုင်းမော်မြို့နယ် ပွိုင့် – ၁၁၃၀ ဗျင်ပူကုန်း အမြောက်တပ်နဲ့ တွဲထိုင်ထားတဲ့ စခန်းကြီးကိုလဲ ယမန်နေ့ မေလ ၁၉ ရက်နေ့ မနက် ၁၁ နာရီခန့် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ အပြင် ဂါးရာယာန်ရွာ အောက်နားက လုံဇက်ကုန်း စစ်ကောင်စီ စခန်းကို မေ ၁၉ ရက်နေ့ မနက် ၆ နာရီခန့်က သိမ်းပိုက် ရရှိထားတယ် လို့ဆိုပါတယ်။
တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က လေကြောင်း ပြင်းပြင်းထန်ထန် ပစ်ကူခဲ့ကာ နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသလို ပြည်သူတွေရဲ့ နေအိမ်တချို့ လေယာဉ်ဗုံးကြောင့် မီးလောင်ပျက်စီးခဲ့ပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
မေလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ ၂ ရက်ဆက်တိုက် ဝိုင်းမော်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီစခန်း ၁၀ နေရာထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ကြောင်း KIA ရှေ့တန်းက သိရပါတယ်။
CJ-008








