မဲခေါင်၊ မေ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီနေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးမောက်ဘက် ဒီနေ့လည်း လေကြောင်းနဲ့ အဆက်မပြတ် ဗုံး လာကြဲနေတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ယမန်နေ့ မေလ ၁၆ ရက်မှာတော့ မိုးမောက်မြို့နယ်က မံပုံလမ်းခွဲဘက်မှာ နဲ့ ၅ မိုင်အထိ မီးလောင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
မိုးမောက်မြို့နယ်ဘက်မှာ လေယာဉ် ဗုံးကြောင့် အိမ်ခြေ ၁၀၀ ကျော် ထိခိုက်စီး သွားပြီဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“မံပုံမှာ လူတွေ မရှိတော့ဘူး။ တိုက်ပွဲ ဖြစ်နေတာ။ မိုးမောက်မှာတော့ လူတွေ ရှိသေးတယ်။ လေယာဉ် ဗုံး နေ့တိုင်းကြဲနေတာ။ လက်နက်ကြီးလည်း မြို့ထဲကနေ အချိန် မရွေး ထုနေတာ” လို့ ဗန်းမော် ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေဟာ ရပ်လိုက်နားလိုက်နဲ့ ပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း နေ့ရော၊ ညပါ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တယ်လို့ သူကဆက်ပြောပါတယ်။
မံစီမှာတော့ စစ်ကောင်စီတွေက ကမ္ဘာမှာ အသုံးပြုခွင့် တားမြစ်ထားတဲ့ ကလပ်စ်စတာ ဗုံးတွေကို အသုံးပြုနေတာတွေ့ရတယ်လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗန်းမော် ခရိုင်ထဲက မိုးမောက်နဲ့ မံစီ မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကစ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။
CJ-008









