မဲခေါင်၊ မေ ၁၇
ရှမ်းမြောက် ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သီပေါမြို့နယ်၊ ဝင်းဦးတံတားထိပ်၊ ရေပူစမ်း(ဆွန်အွိုက်)ကျေးရွာနေ အမျိုးသမီးတစ်ဦးရဲ့ မိသားစုဟာ ရွာကနေ ဒေသတွင်း တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ပြီး အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်က SSPP တပ်သားတွေက အခွန်မပေးရင် ကျေးရွာကအိမ်ကို သိမ်းမယ်၊ နေအိမ်အသိမ်းမခံချင်ရင် ထိုင်းကနေပြန်လာပြီး ကျပ်သိန်း ၆၀ နဲ့ ရွေးဖို့ ကျေးရွာလူကြီး တစ်ဦးကတဆင့် အကြောင်းကြားလာတာကြောင့် ပြန်လည်ရွေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အိမ်သိမ်းဆည်းခံရပြီး ငွေပေးပြီး ပြန်ရွေးခဲ့ရသူ တစ်ဦးက”သိန်း ၆၀ နဲ့ပေးလိုက်ရတယ်၊ ရွာကို ပြန်မနေချင်တော့ဘူး၊ မြို့ထဲမှာပဲ ရှာပြီးနေတော့မယ်၊ ရွာလူကြီးတွေကလဲ သူတို့ဖက်က သူတို့က အကုန်လုံးသိမ်းချင်တာ၊ သူတို့သိမ်းပိုင်ခွင့်မရှိလို့လေ အထက်ကိုပြောပြီးသိမ်းတာတဲ့ ပိုက်ဆံသိန်း ၆၀ နဲ့လျော်ရတယ်”လို့ ပြောပါတယ်။
SSPP အောက်ခြေအဆင့် တပ်ဖွဲ့တွေက နေအိမ်သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေကို တာဝန်ရှိသူ အထက်အရာရှိတွေက မသိရှိရဘဲ လုပ်နေတာတွေဖြစ်တယ်လို့ ဒေသံတွေက ပြောပါတယ်။
“အောက်ခြေအဆင့်က လူတွေက လုပ်နေတာ၊ အထက်ပိုင်းက လူကြီးတွေ မသိတာ များတယ်၊ အရင်က ကိစ္စတစ်ခုမှာလဲ အထက်ကိုပြောမှ သူတို့မသိဘဲဒေသတပ်ဖွဲ့က လုပ်နေတာလို့ ပြောပြီး ပြန်ဖြေရှင်းပေးတယ်၊ ခုလဲ ဒီတစ်ရွာတည်းမဟုတ်ဘူး၊ ရွာတိုင်းနီးပါးဖြစ်နေတာဆိုတော့ အထက်က သိဖို့လိုတယ်၊ ငွေညစ်ခံရတဲ့ မိသားစုတွေက အပေါ်ကိုလဲ မဆက်သွယ်ရဲကြဘူး၊ အောက်ခြေက အသက်အန္တရာယ်ပေးမှာစိုးလို့”လို့ ယင်းကိစ္စကို ကူညီသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အဆိုပါရွာက SSA အခွန်ကောက်ပေးသူ အမာခံဆိုသူ တစ်ဦးက ဒေသအခွန်ငွေကောက်ခံမှုတွေကြောင့် အသတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့ဘူးပြီး၊ သီပေါမြို့နယ်ထဲက အခြားရွာတွေမှာလည်း စစ်ရှောင်နေတဲ့အိမ်တွေကို သိမ်းယူတာ၊ ငွေနဲ့ပြန်ရွေး ခိုင်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝန်းရံထားတဲ့ သီပေါမြို့နယ်ဟာ လက်ရှိမှာ ရွှေဆိုင်နဲ့ဘဏ်တွေ ဓားပြတိုက်လုယက်ခံနေရတာ၊ ဆက်ကြေးတွေ ပေးနေရတာအပြင် အခုလို အဝေးရောက်နေသူတွေရဲ့ အိမ်တွေကို SSP/SSAက သိမ်းပြီး ငွေတောင်းနေတာတွေဖြစ်ပေါ်နေတဲ့အပေါ် ဒေသခံပြည်သူတွေရဲ့ဘဝ တွေမလုံခြုံဘဲ စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရတယ်လို့ သိရပါတယ်။
သီပေါမြို့နယ်ဟာ အရှေ့ကအနောက် မိုင် ၆၀၊ တောင်ကမြောက် ၁၃၆ မိုင်ကျယ်ဝန်းပြီး အိမ်ထောင်စု ၁၆၇၁၅၄ ရှိတယ်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပြီး သီပေါမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ခမရ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ နဲ့ ခလရ၂၃ ၊ တင့်ကားတပ် ၅၀၀၃ ၊ ခမရ ၁၇ တပ်တွေ အခြေစိုက်ထားပြီး လက်နက်ကိုင်တပ်တွေအနေနဲ့ SSPP အပြင် အရင်စော်ဘွားသစ္စာခံ တပ်ဖွဲ့ဝင်အချို့နဲ့ TNLA တွေလှုပ်ရှားနယ်မြေတွေဖြစ်ကြောင်း သိရပါတယ်။
MK-012








