မဲခေါင်၊ မေ ၃
ကယား(ကရင်နီ)ပြည်၊ ရှားတောမြို့နယ်၊ ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်သင်တန်းဆင်းပွဲ အခန်းအနားကို KA နဲ့ KNDF တို့ရဲ့ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူ အကြီးအကဲတွေနဲ့ သင်တန်းဆင်း တပ်ဖွဲ့ဝင်အသစ်တွေ တက်ရောက်ခဲ့ကြပြီး သင်တန်း သင်ယူပြီးမြောက်လာသူ တစ်ဦးချင်းစီတိုင်းကို အစုအဖွဲ့လိုက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကာကွယ်ပေးရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာကြဖို့ ဟောပြောခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနောက်မှာ KNDF တပ်ရင်း ၁၇ ကို ဝင်ရောက်ကြမယ့် တပ်ဖွဲ့ဝင်အသစ်တွေကို စည်းမျဉ်းစည်းကမ်း မူဝါဒတွေ ချမှတ်တာ၊ သစ္စာရေတိုက်တာတွေ ဆက်လက် ဆောင်ရွက်ခဲ့ပြီး အခန်းအနား အစီစဉ်ကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNDF တပ်ရင်း ၁၇ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ကို ချေမှုန်း တိုက်ခိုက်နေတဲ့အပြင် ကရင်နီပြည်အတွင်း မြေပြင်စစ်ဆင်ရေး လုပ်ငန်းတွေမှာ တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ ပူးပေါင်းပြီး အတူတကွ တိုက်ပွဲဖော်ဆောင်နေတာကြောင့် ရှေ့ဆက်ရမယ့် စစ်ဆင်ရေး လိုအပ်ချက်တွေအတွက် မိဘပြည်သူတွေဖက်က ဝိုင်းဝန်းကူညီပေးကြကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
အလားတူ မေလ ၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်း တစ်နေရာမှာ KNDF ဦးဆောင်မှုနဲ့ ကရင်နီမဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုတွေက စစ်ဗျူဟာ အမှတ် ၇ ရဲ့ အပတ်စဉ် ၁ အဖြစ် တပ်ဖွဲ့ဝင်အသစ် ၅၀၀ ကျော်နဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။
MK-015












