မဲခေါင်၊ မေ ၁
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။
အရင်က ရွာခံအရပ်သားတွေကို တောင်ယာလုပ်ခွင့်သာ ပိတ်ထားပေမယ့် ဒီတစ်ပတ်အတွင်းမှာတော့ ရွာကိုဝင်/ထက်ခွင့်ပါ ပိတ်ထားပြီး ခြိမ်းခြောက်နေတယ်လို့ ပင်အွန်းရွာခံ တစ်ဦးက ပြောပါတယ်။
“အပြင်ထွက်ရင် ပစ်မယ်လို့ ပြောတယ်။ အပြင်လူလည်း အထဲ မဝင်ရဘူး။ အထဲလူလည်း အပြင်ထွက်မရဘူး။ ရွာပတ်ပတ်လည် ကင်းစောင့်နေတယ်။ တကယ်လုပ်ရင် ပစ်မယ့်သဘော”
စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေဟာ ရွာခံတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေမှာ တက်ရောက် နေထိုင်ကြပြီး အိမ်ရှင်ကို အိမ်ပေါ်ကနေ ဆင်းခိုင်းတာ၊ ရိက္ခာအတွက် ခိုးယူတာ၊ အမျိုးသမီးတွေကို ထိပကပါးရိကပါး လုပ်ဆောင်တာ စတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။
ထမ်းယမ် ရွာခံတစ်ဦးက “အလှည့်ကျ သူတို့ကို ထမင်း၊ ဟင်း ချက်ပို့ရတယ်။ သူဌေးအိမ်တွေက ပိုပြီး လုပ်ပေးရတယ်။ သူတို့ ကြိုက်တဲ့ပစ္စည်းဆို အကုန်သိမ်းသွားတယ်” လို့ ပြောပါတယ်။
ကျေးရွာခံတွေတွင်းက တောင်ယာနဲ့ တောတောင်နေရောတွေမှာ တွေ့ရှိခဲ့တဲ့ ရွာခံတွေကို တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်သွားမယ်လို့ PNA နဲ့ စစ်ကောင်စီ ဝါဒဖြန့် အကောင့်တွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၉ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်၊ ဝိန်းလုံကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး အပါအဝင် ဒရုန်းနဲ့ ၈ ကြိမ်တိတိ ပစ်ခတ်ခဲ့တာကြောင့် ရွာခံတွေ ကြောင့်လန့်ပြီး ထွက်ပြေးခဲ့ရတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








