မဲခေါင်၊ မတ် ၂၀
မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၉ ရက်မှာ အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြား နယ်မြေစိုးမိုးမှုလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်(MSRF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force(YAF)၊ KNLA တပ်ရင်း(၂၇) တို့က အမှတ်(၈) လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနဲ့လည်းတွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ထောက်တိုင်တွေ ဖြတ်သန်းသွားလာမှုကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးမဟာမိတ်တပ်များဘက်မှ စတင်စစ်ဆေးချိန်တွင် မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူများရဲ့ သွားလာမှုလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်မှ မလွှဲတောင်ဂိတ်ကို သော့ခလောက်ဖြင့်ပိတ်ကာ စခန်းအတွင်း ပုန်းအောင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်၊
ခရီးသွားပြည်သူများတွင် အမျိုးသမီးများပါရှိတဲ့အတွက် မဟာမိတ်ပူးပေါင်းတပ်များရှိ ရဲမေများကလည်း နယ်မြေစိုးမိုးလှုပ်ရှားမှုတွင် ပါဝင် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
နယ်မြေစိုးမိုးရှင်းလင်းမှုအား မနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ စစ်ဆေးခဲ့ပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မဟာမိတ် ပူးပေါင်းတပ်များဘက်က မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကိုလည်း ရှင်းလင်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။









