မဲခေါင်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၃၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့၊ နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီကနေ ၃ နာရီ ဝန်းကျင်အထိ နမ့်ဆန် တပ်စခန်းက ၁၅ ကြိမ်၊ မိုင်းငေါ့ တပ်စခန်းက ၁၅ ကြိမ်နဲ့ ကျောက်မဲ တပ်စခန်းက ၂ ကြိမ် လက်နက်ကြီးတွေနဲ့ ကုကမာည်းရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေကို ပစ်ခတ်ခဲ့တာပါ။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုတွေ အတွင်း ပန်နိမ့်ကျေးရွာကို ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
မနေ့က မူဆယ်မြို့နယ် ၁၀၅ တပ်စခန်းကနေ နမ့်တောင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းပေါ် ကျရောက် ပေါက်ကွဲပြီး အသက် ၇၀ အရွယ် အဘွား တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နမ့်ခမ်းမြို့နယ်၊ ကောင်းကပ်ကျေးရွာထဲသို့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ မပေါက်ကွဲတဲ့ ကျည် ရှိနေတယ်လို့ PSLF/TNLA ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ဘက်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေ၊ လူနေအိမ် တွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်တာ၊ တိုက်လေယာဉ် အသုံးပြုကာ လေကြောင်းကနေ လူမဆန်စွာ ဗုံးကြဲ တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ TNLA ပြောဆိုထားပါတယ်။
MK-009
#MekongNews
#နမ့်ခမ်းမြို့နယ်
#TNLA
#လက်နက်ကြီး








