မဲခေါင်၊ နိုဝင်ဘာ ၂၀
ကရင်နီပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်က ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှူး ၂ ဦးထဲက တစ်ဦးကို တော်လှန်ရေးအင်အားစုတွေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီမြေပြင်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်မှာပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် “၁၁၁၁ စစ်ဆင်ရေး” ပထမရက်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတိုက်လေယာဉ်ကို ပွိုင့် ၅ (၂)လက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ချိန် ကျည်ထိမှန်ပျက်ကျခဲ့ရာလေယာဉ်မှူး ၂ ဦးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
“အခုမိတဲ့တစ်ယောက်က စကစခွင်နားကိုဆင်းသွားတဲ့တစ်ယောက်ပါ။ သူကအစာရေစာပြတ်လတ်ပြီး တောထဲလျှောက်သွားနေတာ။ ကရင်နီတပ်ပေါင်းစုနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်း ဖမ်းဆီစစ်ဆေးမိတာကနေ ပျက်ကျတဲ့ လေယာဉ်မှူးဖြစ်ကြောင်းသိရတာပါ။ ကျွန်တော်တို့နယ်မြေထဲဆင်းသွားတဲ့ တစ်ယောက်ကိုတော့လိုက်လံရှာဖွေနေဆဲပါ” လို့ သူကရှင်းပြတယ်။
ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးဟာ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးအဆင့်ရှိသူ ခိုင်သန့်မိုး စစ်တက္ကသိုလ် အပတ်စဉ် (၄၄)ဆင်းဖြစ်ပြီး နောက်ခုံကနေ စက်လက်နဲ့ ဗုံးတွေကြဲချမှုကိုတာဝန်ယူရတဲ့ နောက်ခုံ ပိုင်းလော့ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ လေယာဉ်မှူးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိန်းသိမ်း စစ်ဆေးထားပြီး လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက လေယာဉ်ပျက်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာလွတ်မြောက်သွားတဲ့ လေယာဉ်မှူးတွေနဲ့ အဆက်အသွယ်ရရှိကြောင်းပြောဆိုခဲ့ပေမယ့် လက်ရှိအခြေအနေနဲ့ပက်သက်ပြီး တစ်စုံတစ်ရာပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
MK-007
#MeKongNews
#လေယာဉ်
#ပျက်ကျ
#ဖမ်းမိ
#ကရင်နီ








