မဲခေါင်၊ နို၀င်ဘာ ၁၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်း စစ်ဘေးရှောင်တွေကို လက်မခံဖို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်သီ လက်အောက်ခံ ရဲ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပအိုဝ်းပြည်သူ့စစ်-PNA က တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့၊ အင်းလေး ဒေသ အပါအဝင် ကျေးရွာတွေကို အခုလို ညွှန်ကြားထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ထွေအုပ်က ရွာလူကြီးကို ဖုန်းဆက်လာတယ်။ စစ်ဘေးရှောင်တွေကို လက်မခံရဘူး။ လက်ခံရင် အရေးယူမယ်တဲ့။ ဘယ်သူမှ လက်မခံရဲကြဘူး” လို့ တောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာမှာ နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ တောင်ကြီးမြို့ အ၀င် စစ်ဆေးရေးဂိတ်တွေမှာ ကရင်နီပြည် မှတ်ပုံတင်နဲ့ ဖယ်ခုံမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ဝင်ခွင့် ပိတ်ထားပြီး ဆွေမျိုးသားချင်းတွေလည်း လက်ခံလို့ မရဘူးလို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
“မနေ့ညက ကျောင်းကြီးစု ရပ်ကွက်ရုံးကတော့ စစ်ဘေးရှောင်ဆို ဧည့်စာရင်း မပေးဘူး ပြောလွှတ်တယ်” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
တောင်ကြီး ဒေသခံတွေဟာ စစ်ဘေးရှောင်တွေကို လက်ခံလိုပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဧည့်စာရင်း မပေးတာကြောင့် စစ်ကောင်စီတပ်က ရှောင်တခင် ဧည့်စာရင်း စစ်ဆေး ဖမ်းဆီးမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့ခံ တစ်ဦးက “စစ်တပ်က တွေးထားတာက တန်ဆောင်တိုင်နီးပြီ ဆိုတော့ စစ်ရှောင်တွေထဲ PDF ရောပါလာပြီး ဗုံးဝင်ခွဲမှာ ကြောက်တာပေါ့။ စစ်တပ်က လက်မခံပေမယ့် ပြည်သူတွေက လက်ခံကြပါတယ်။ တချို့ကြတော့လည်း စဉ်းစားရတာပေါ့လေ။ စစ်ရှောင်တွေ လက်ခံလိုက်လို့ ချိပ်ပိတ်ခံရရင် စီးပွားရေးက ရပ်ရတော့မှာလေ” လို့ ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေဟာ ကလော၊ အောင်ပန်း၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ သွားရောက် ခိုလှုံနေကြပြီး လူဦးရေ စုစုပေါင်း ၂၀,၀၀၀ ကျော်ခန့် ရှိနိုင်တယ်လို့ စုံစမ်း သိရပါတယ်။
CJ-007
#MeKongNews
#တောင်ကြီး
#စစ်ဘေးရှောင်
#ဧည့်စာရင်း








