မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ လက်အောက်ခံ ခြေလျင်တပ်ရင်း-ခလရ (၁၂၅) တပ်ရင်းတစ်ခုလုံး အလံဖြူထောင်ပြီး မနေ့က MNDAA တပ်ဖွဲ့ထံလက်နက်ချအလင်းဝင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့-MNDAA က မဲခေါင်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
ကိုးကန့်ခရိုင်၊ ကုန်းကြမ်းဒေသ အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ (၁၂၅) တပ်ရင်းတစ်ရင်းလုံးနဲ့ တပ်မိသားစုဝင်အားလုံး မနေ့က MNDAA ထံလက်နက်ချအလင်းဝင်ခဲ့တာဖြစ်ပါတယ်။
“ဒါဟာ သမိုင်းဝင်အောင်မြင်မှုဖြစ်တယ်” လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်လည်း လောက်ကိုင်ဒကစ လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ (၁၂၉) တပ်ရင်းတစ်ရင်းလုံးနဲ့ တပ်မိသားစုဝင်တွေ လက်နက်ချ အလင်းဝင်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်ရင်းတစ်ရင်းလုံးလက်နက်ချ အညံ့ခံမှုဟာ တပ်ရင်း ၂ ရင်းအထိရှိလာပြီလို့ MNDAA ကပြောပါတယ်။
မနေ့က MNDAA ထံအလင်းဝင်ခဲ့တဲ့ ခလရ (၁၂၅) တပ်ရင်းမှာ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် အရေအတွက်ကိုတော့ စီစစ်နေဆဲဖြစ်တယ်လို့ ကိုးကန့်ပြန်ကြားရေးက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၇ ရင်းထဲက ခလရ (၁၂၅) တပ်ရင်း နဲ့ ခလရ (၁၂၇) ဟာ ညီနောင်တပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ လက်ရှိအချိန်ထိ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်သား ရာနဲ့ချီ လက်နက်ချ အလင်းဝင်လာခဲ့သလို မြို့နယ် ၉ ခုနဲ့ စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
MK-007
#MeKongNews
#ကိုးကန့်
#အလံဖြူ
#အလင်းဝင်
#စစ်ကောင်စီ