မဲခေါင်၊ မတ် ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ပင်လျမ်းကျေးရွာမှာ မနေ့(မတ် ၁၀) ညနေ ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။
အခုလို ပစ်ခတ်မှုကြောင့် ပင်လျမ်းရွာ အပေါ်ဘက်က လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူတွေ အနေနဲ့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “လက်နက်ကြီး တခုတည်းတော့ မဟုတ်ဘူး။ လေယာဉ်နဲ့ လာပစ်တာလည်း ပါတယ်။ ရွာမှာက လူမကျန်တော့ လေလောဆယ် အိမ် ၁၀ လုံးလို့ပဲ သတင်းရသေးတယ်။ ဒီထက်လည်း စာရင်းပိုနိုင်တယ်”လို့ ပြောပါတယ်။
ပင်လျမ်းကျေးရွာဟာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ တပ်စွဲထားတာ မရှိတဲ့အပြင် စစ်ရေးလှုပ်ရှားတာလည်း မရှိဘဲ စစ်ကောင်စီက အလုံးစုံ ဖျက်ဆီးရေးကို လုပ်ဆောင်တဲ့အနေနဲ့ လက်နက်ကြီး ပစ်ခတ်တာ ဖြစ်တယ်လို့ ရှေ့တန်း မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ပင်လျမ်းကျေးရွာကို စစ်ကောင်စီက ၂ ကြိမ်တိတိ လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဘုန်ကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဟိုပုံးမြို့နယ် အတွင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ် ကတည်းက လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
CJ-007