မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စခန်းတွင်းက စစ်ကောင်စီတပ် အနေနဲ့ လက်နက်ချ အညံ့ခံဖို့ မနေ့က ရာဇသံ ပေးထားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်ကစပြီး မူဆယ်က စစ်ကောင်စီ အမာခံ တပ်စခန်းဖြစ်တဲ့ ၁၀၅ မိုင် စခန်းကို ညီနောင် မဟာမိတ် တပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
၁၀၅ မိုင်စခန်း အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ၂၄ နာရီအတွင်း လက်နက်ချ အညံ့ခံဖို့ ပြောပေမဲ့ မလိုက်နာတာကြောင့် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ TNLA ကပြောပါတယ်။
ဒီတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာ တွေကြောင့် တိုက်ပွဲ နေရာသာမက အနီးရှိ နေအိမ်တွေပါ ထိမှန် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့က “၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့် အဖြစ် နမ့်ပေါတံတား တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်နဲ့ လားရှိုးမြို့နယ် မိုင်းလီရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” တစ်လ အတွင်း ညီနောင် မဟာမိတ်တပ်တွေဟာ သက်ဆိုင်ရာ နယ်မြေ အလိုက် စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက် သိမ်းယူနေပြီး လက်ရှိ မြို့နယ် ၉ ခုနဲ့ စစ်တပ် စခန်း ၂၀၀ နီးပါး သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#မူဆယ်
#TNLA
#၁၀၂၇_စစ်ဆင်ရေး