မဲခေါင်၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဖမ်းမိတဲ့သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသပေးထားပြီး ကောင်းမွန်စွာထားရှိတယ်လို့ NUG စစ်ဒေသ အမှတ် (၂) တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်အသိပေးပါတယ်။
မုန်းမြို့ပေါ်က စစ်ကောင်စီရဲ့ ခမရ-(၅၉၀) နဲ့ (၅၉၉) တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီလို သိမ်းပိုက်ခဲ့ရာမှာ ဒု-တပ်ရင်းမှူး ဗိုလ်မှူးတစ်ယောက်အပါ စစ်ကောင်စီတပ်သား ၁၉ ယောက် လက်နက်ချအညံ့ခံခဲ့ပါတယ်။ တပ်အတွင်းရှိ တပ်မိသားစုဝင် ၄၂ ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့တဲ့ တပ်ဟာ ခမရ-၅၉၀ အတွင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ ခလရ-၈၄ တပ်ရင်းဖြစ်တယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မုန်းမြို့အတွင်းက စစ်ကောင်စီစခန်းတွေ ဆုတ်ခွာပေးလိုက်ရတာ ဗျူဟာအရသာဖြစ်ပြီး စခန်းတွေမှာ တပ်ပြန်စွဲနိုင်ပြီဆိုတဲ့ ဓာတ်ပုံတွေကို မနေ့ ဒီဇင်ဘာ ၆ ရက်မှာ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေကနေ ဖော်ပြပါတယ်။
အဲ့ဒီဖော်ပြချက်ဟာ ဝါဒဖြန့်ဖို့အတွက်သာဖြစ်ပြီး ဘာအဓိပါယ်မှမရှိဘူးလို့ မုန်းမြို့တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်နေသူ PDF တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ အသက်ကိုငဲ့ညှာဖို့နဲ့ ပြည်သူကိုပြန်ကြည့်ဖို့ အလင်းဝင်ကြဖို့လည်း တော်ဝင်ဒေါင်းစစ်ကြောင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။
#MeKongNews
#တော်ဝင်ဒေါင်း
#စစ်ကောင်စီ
#မုန်းမြို့
#ဒုတပ်ရင်းမှူး
#သုံ့ပန်း
#ဖမ်းမိ