မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်သွား ကားလမ်းအနီးကျေးရွာမှာ မနေ့နဲ့ ဒီနေ့မနက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
နမ်ယမ်းကျေးရွာအုပ်စု နမ်းဗောခံးကျေးရွာကို နံနက် ၁၁ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ နီးစပ်ရာ ဒေသတောတောင်တွေထဲ ရွာလုံးကျွတ်နီးပါးထွက် ပြေးနေရတယ်လို့ သိရပါတယ်။
နမ်းဗောခံးရွာကို စစ်ကောင်စီက မနေ့ကညနေ (၃) နာရီခန့်ကလက်နက်ကြီးနဲ့ စပစ်ခဲ့တာဖြစ်ပြီး ဒီနေ့ မနက်(၈)နာရီ ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် လှမ်းထုနေလို့ ဒေသခံတွေဟာ ရွာအနောက်ဘက်ခြမ်း လုံဒါတောဘက် ပွန်ချောင်းအနီးတကြောကို အများစုရှောင်သွားကြကာ အချို့က မိုင်းပွန် ဘက်ကို ရှောင်သွားကြတယ်လို့သိရပါတယ်။
နမ်းဗောခံးရွာဟာ မိုင်းပွန်ကနေ ၁၀ မိုင်ခန့်ဝေးတဲ့ ရွာဖြစ်ပြီး တိုက်ပွဲဖြစ်နေချိန်မှာ မိုင်းပွန်ကနေ လွိုင်လင်မြို့ဘက်အထွက် နမ့်ပွန်ချောင်းတံတားကို တွဲကားနဲ့ပိတ်ပြီး တံတားစောင့်စစ်ကောင်စီ တပ်တွေက ယာဥ်အားလုံးကိုတားထားတယ် လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ လက်အောက် ခံ PNO ပြည်သူ့စစ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြားအတည်ပြုချက် မရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက်ကလည်း မိုင်းပွန်မြို့၊ ချိုခမ်းကျေးရွာအတွင်းက ချိုခမ်းဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီ နှင့် ပူးပေါင်းတပ်ဖွဲ့ PNA တို့နဲ့ စစ်ကြောင်းထိုး ဝင်လာတဲ့ SSPP တို့အကြား တင်းမာမှုရှိခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပါဘူး။
ဇန်နဝါရီလ ၂၄ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားချိန်မှာ ခုလိုပဲ လမ်းပိတ်ဆို့ထားတာရှိခဲ့တယ် လို့သိရပါတယ်။
MK-012