မဲခေါင်၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခိုမုန်းစခန်းနဲ့ မိုင်းလုံမြို့နယ်ထဲက လယ်ကြီးစခန်း ၂ ခုကို TNLA က မနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီ့စစ်ကောင်စီစခန်းတွေကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ပြီးနောက် ဝင်ရောက်ရှင်းလင်းရာမှာ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေအပါအဝင် သေနတ်နဲ့ခဲယမ်းအမြောက်အများသိမ်းမိခဲ့တယ်လို့ သိရပါတယ်။
မိုင်းလုံမြို့နယ်အတွင်းက လယ်ကြီးစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ မိုးကုတ်ဗျူဟာ PDF လည်းပါဝင်တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
အဲ့ဒီလို သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြာင်းပစ်ကူ ၁၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စစ်ဆင်ရေးအတွင်း တအာင်း(ပလောင်) ဒေသအတွင်းက စစ်ကောင်စီစခန်း ၅၀ ကျော်ကိုသိမ်းပိုက်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေအတွက် စစ်ကောင်စီတပ်က စစ်ကူမလာနိုင်အောင် TNLA နဲ့ PDF တွေက သိန္နီနဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ခိုက်နေတယ်လို့ စစ်ဆင်ရေးတစ်လပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#MeKongNews
#TNLA
#တအာင်း
#မန်တုံ
#မိုင်းလုံ
#စစ်ကောင်စီ