မဲခေါင်၊ နိုဝင်ဘာ ၂၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတစ်ခုကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၁၃ လက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစခန်းကုန်းကို မနက် ၈ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီခွဲမှာ စခန်းကုန်းကို အပြီးသတ်သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီအလောင်း ၁၅ လောင်းလည်း တွေ့ရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
TNLA နဲ့ မန္တလေး PDF တို့ဟာ “တောင်သမန် စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။
ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်စစ်ကူတွေ ရှမ်းမြောက်ကို မလာနိုင်အောင် ဖြတ်တောက်ခြင်းဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းမှာ တိုက်ခိုက်နေတာဟာ မန္တလေးကို ထိုးဖောက်ဝင်ရောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစခန်းသိမ်း ဓာတ်ပုံတွေကို မန္တလေး PDF က ထုတ်ပြန်ရာမှာ စစ်ကောင်စီတပ်မ ၃၃ ဘတ်တံဆိပ်နဲ့ စစ်ဝတ်စုံတွေကို တွေ့ရပါတယ်။
#MeKongNews
#မန္တလေး
#မတ္တရာ
#သိမ်းပိုက်
#လက်နက်
#TNLA