မဲခေါင်၊ ဧပြီလ ၂၉
ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီလ ၂၆ရက် ညပိုင်းက ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး ရွာသူရွာသားတွေ အဲဒီတံတားကနေတဆင့် သဘက်ချောင်းရွာဘက် ထွက်ပြေးဖို့ ကြိုးစားပြီးနောက်နေ့မှာပဲ အဲဒီတံတားဟာ ဖောက်ခွဲဖျက်ဆီး ခံလိုက်ရတာဖြစ်ပါတယ်။
နောင်ရင်းဒုံတိုက်ပွဲကနေ ထွက်ပြေးလာသူတွေကို အဲဒီတံတားကနေ စစ်ကောင်စီက ပေးမဖြစ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တံတားမိုင်းခွဲဖျက်စစ်တာဟာ စစ်ကောင်စီလက်ချက်ဖြစ်ပြီး ဧပြီလ ၂၇ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်တာလို့ PNLO သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ တံတားမိုင်းခွဲဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး မဲခေါင်သတင်းဌာနက သီးခြား အတည်ပြုချက်မရသေးပါဘူး။
တံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့အတွက် ကားတွေသွားလာလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၇ရက် မှာပဲ ဆီဆိုင်မြို့နယ်က နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက ပစ်ခတ်လို့ နောင်ရင်းဒုံရွာထဲကို လက်နက်ကြီးကျည် ၁၀ လုံး ကျော် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့ရဲ့ မြောက်ဘက်ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး တောင်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
MK – 012