မဲခေါင်၊ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ရာ ကော့ဖောင်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ်တချို့နဲ့ စိုက်ပျိုးခြံတွေထဲက သီးနှံတွေ ထိမှန် ပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာထဲ ဝင်ရောက် လှုပ်ရှားနေတဲ့ စစ်ကောင်စီ ခလရ (၂၃၁) တပ်ရင်းက နိုဝင်ဘာ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကော့ဖောင်းကျေးရွာက နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပြီး ခြံထဲက သီးနှံပင်တွေ ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည် ၅ လုံး အနက် ၃ လုံးသာ ပေါက်ကွဲပြီး ကျန် ၂ လုံး မပေါက်ကွဲဘဲ ကျန်နေတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ် အတွင်း အထိုင်ချထားတဲ့ စစ်တပ်ဟာ အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေပြီး အဆိုပါ လက်နက်ကြီးကျည်တွေထဲက မပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ သာယာကုန်းရွာနေ အသက် ၁၀ နှစ်အောက် ကလေးငယ် တစ်ဦး မပေါက်ကွဲသေးတဲ့ ၄၀ မမ လက်နက်ကြီးကျည် ကောက်ယူမိရာက လက်ထဲက လွတ်ကျ ပေါက်ကွဲသွားတာကြောင့် ကလေး သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
MK–009
#MeKongNews
#ကျုံဒိုး
#မစ်ဇိုင်း_ဒုံးကျည်
#KNU