မဲခေါင်၊ နိုဝင်ဘာ ၁၀
၃ ရက်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ခန့်သေပြီး လက်နက်ချအညံ့ခံလို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သူ ၂၁ ယောက်ရှိတယ်လို့ အမှတ် (၁) စစ်ဒေသ က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ကောလင်းမြို့ကို PDF နဲ့ ပ.က.ဖ အဖွဲ့တွေဟာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ လက်နက်ကြီး၊ ငယ် ၆၉ လက် သိမ်းပိုက်နိုင်ခဲ့သလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း ၃ ဦးကျဆုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ၃ ရက်အတွင်းမှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ၄၉ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မန္တလေး တံတာဦးနဲ့ ကန့်ဘလူ လေယာဉ်ကွင်းက လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
ကောလင်းမြို့အတွင်း စစ်ကောင်စီတပ်တွေ အဓိက အခြေချနေရာဖြစ်တဲ့ ခမရ-၃၆၉ အင်အား (၅၇) ဦးရှိ အထက်တန်းကျောင်း၊ ခမရ (၁၁၁၊ ၁၂၀) အင်အား (၄၀) ခန့်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲအင်အား (၆၆) ဦးရှိ ရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့ကို တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုမှာ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနဲ့ Federal Wings ပူးပေါင်းအဖွဲ့တို့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
စစ်ကူဖြတ်တောက်ရေးအတွက် ကောလင်းခရိုင် အမှတ် (၃၊ ၄) တပ်ရင်းနဲ့ ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။
#MeKongNews
#ကောလင်း
#စစ်ဒေသ
#မြို့သိမ်း
#စစ်ကောင်စီ
#သုံ့ပန်း