RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက တုံ့ပြန်ပြောဆို လိုက်သည်။
တပ်မတော်၏ မတ်လ ၁ရက် ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးသတင်းရသဖြင့် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု (၅)ရက်ခန့် ကြိုတင် အကြောင်းကြားထားသော်လည်း RCSS ဘက်မှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်းကို စတင်တိုက်ခိုက်သည်ဟု ဖော်ပြထားသည့်အပေါ် အခြေခံပြီး ယခုကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အဖွဲ့ကို နယ်မြေကျူးကျော်တယ်လို့လဲ ပြောလိုပြော။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေ သယောင်ယောင်၊ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားကို အကာအကွယ်ပေးနေ သယောင်ယောင် ပြောဆိုမှုမျိုးက ငြိမ်းချမ်းရေးကို အတော်ထိခိုက်တယ်ဗျာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးသတင်းအရ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု အကြောင်းကြားထားသည် ဆိုသည်မှာလည်း လုံးဝ မဟုတ်မှန်ကြောင်း RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။
“အဲဒါ(မူးယစ်သတင်းရ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အကြောင်းကြားထားတယ်ဆိုတာ) လုံးဝမမှန်ပါဘူး။ ၂၂ရက်နေ့က အကြောင်းကြားလာတာက ဝန်ကြီးလာမှာမို့လို့ စစ်ကြောင်းက လုံခြုံရေး ယူပေးမလို့ ခင်ဗျားတို့ တပ်တွေ ရှိရင် ရှောင်ပေးပါ အဲဒီလောက်ပဲ အကြောင်းကြားတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြန့်ကျဲနေတဲ့ လူတွေကို စုပြီး တောင်ကုန်းပေါ်ကို ရွှေ့ပေးလိုက်တာပေါ့။ ပြီးတော့ သူတို့ကို အကြောင်းပြန်လိုက်တယ်။ ရွှေ့လိုက်ပြီ တောင်ကုန်းပေါ်တော့ မတက်လာနဲ့နော် ဆိုပြီးတော့။ အဲဒါကို အခွင့်ကောင်းယူပြီး ရုတ်တရက် အင်အား ၄၀၀ လောက်နဲ့ ရုတ်တရက်ဝင်တိုက် လိုက်တာပေါ့နော်” ဟု ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက မဲခေါင်သတင်းဌာနကို ပြောသည်။
RCSS နှင့် တပ်မတော်တို့ ဖေဖော်ဝါရီလ ၂၇ရက်မှ စတင်ကာ မိုင်းကိုင်မြို့နယ်အနီးရှိ လွယ်တွမ်းတောင်ကြော တဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မတ်လ ၃ရက်အထိ အနီးတဝိုက်တွင် ပစ်ခတ်မှုများ ဖြစ်နေဆဲ ဖြစ်သည်။