ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က ကောင်းမွန်စွာ ခုံခံနိုင်ကြောင်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၅ရက် နံနက်ပိုင်းက ဟဲ့ရှမ်နှင့် လုံခမ်ဒေသအခြေချ စစ်ကောင်စီ၏ အမြှောက်တပ်က MNDAA တပ်များကို ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်သလို လူအင်အား ၂၀၀ခန့်ကို မြေပြင်စစ်ကြောင်း ၃ကြောင်းခွဲကာလည်း ထိုးစစ်ဆင်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်ဆန် ၆၀၀ ခန့်ပစ်ခတ်ခဲ့ပြီး MNDAA ဘက်က စစ်သည်တစ်ဦးကျဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ ထိုးစစ်ကို MNDAA က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီအထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် MNDAA ဘက်သို့ အပြင်းအထန်တိုက်ခိုက်နေပြီး ဒရုန်းယာဉ်များသုံးကာ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။