မဲခေါင်၊ အောက်တိုဘာ ၁၁
အစ္စရေးနဲ့ ဟားမက်စ်တို့ ဖြစ်ပွားနေတဲ့ အပြင်းထန်ဆုံး ပဋိပက္ခနဲ့ပတ်သက်လို့ X (ယခင်တွစ်တာ) ပေါ်မှာ ဘာသာ၊ လူမျိုးအယူစွဲများစွာနဲ့ မဟုတ်မမှန်သတင်းအချက်အလက်မှားတွေ များစွာတက်နေခြင်းဟာ ပိုပြီးအကြမ်းဖက်မှုကို မီးမွှေးသလိုဖြစ်နေတာကြောင့် ၂၄ နာရီအတွင်း ဒီလိုမဖြစ်အောင် တာဝန်ယူဖြေရှင်းရမယ်လို့ X ပိုင်ရှင် အီလွန်မာ့ခ်အပေါ် ဥရောပသမဂ္ဂအကြီးအကဲက အောက်တိုဘာ ၁၀ ရက်နေ့မှာ သတိပေးအမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဘရီတွန်က “အီလွန်မာ့ခ်ကို တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ၂၄ နာရီအတွင်း ဒီလို သတင်းအချက်အလက် မှားတွေကို ဘယ်လို တားမြစ်မယ်ဆိုတဲ့ တိကျပြည့်စုံတဲ့ ဖြေရှင်းတုံ့ပြန်မှု လိုချင်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီစေခိုင်းမှုကို အီလွန်မာ့ခ်ဘက်က လက်မခံနိုင်သေးပုံရပြီး ကုမ္ပဏီမူဝါဒကိုက ပွင့်လင်းစည်းမျဉ်းရင်းမြစ်တိုင်းကို လက်ခံခြင်း၊ ပွင့်လင်းမြင်သာမှုကို အခြေခံခြင်းဖြစ်တယ်လို့ တုံ့ပြန်လိုက်ရာမှာ ဘရီတွန်ကလည်း ကိုယ့်လူမှုကွန်ရက်ဖြစ်လို့ အသုံးပြုသူတွေရဲ့ တင်ပြမှုဟာ အတုလား၊ အမှားလားဆိုတာ ပိုင်ရှင်သိရှိနိုင်ကြောင်း၊ ဒီလိုသတင်းတု၊ တင်ပြမှုအတုတွေဟာ အကြမ်းဖက်မှုတွေကို ပိုပြီးတိုးပွားလာစေဖို့ အန္တရာယ်ကြီးလွန်းတဲ့အတွက် ဥရောပ သမဂ္ဂက လက်မခံတဲ့ ဥပဒေချိုးဖောက်မှုအသွင် ဆောင်သွားမယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဆက်လက်တုံ့ပြန်ခဲ့ပါတယ်။
တကယ်လို့ မလိုက်နာခဲ့ရင် အီးယူ စည်းမျဉ်းအတိုင်း ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းကို ဒဏ်ရိုက်ဖွယ်ရှိနေပါတယ်။
Ref: newsbytesapp
MKF-001
#MeKongNews
#တွစ်တာ
#အီလွန်မက်စ်
#ဥရောပ
#ထိန်းသိမ်း
#သတင်းတု








