မဲခေါင်၊ စက်တင်ဘာ ၁၇
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အတိဒုက္ခရောက်နေရသော ဂါဇာမှ ပါလက်စတိုင်းနိုင်ငံသား ၃ ဦးသည် ပေါင် ၃၀၀၀ တန် ဂျက်စကီးဝယ်ကာ မြေထဲပင်လယ်အတွင်း ၁၂ နာရီကြာမောင်းနှင်ပြီး ဥရောပတိုက် သို့ ခိုလှုံရောက်ရှိလာနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် အဘူဒါကာသည် ဂါဇာမှ အတူထွက်ပြေးလွတ်မြောက်လာသည့် သူငယ်ချင်း ၂ ဦးနှင့်အတူ ၂၀၂၄ ခုနှစ် ဧပြီလက ဂါဇာနယ်စပ် ရာဖာကိုကျော်ဖြတ်ကာ အီဂျစ်နိုင်ငံအတွင်း ရောက်ရှိရေး ဒေါ်လာ ၅၀၀၀ (ပေါင် ၃၆၀၀) ပေးထွက်ခဲ့ကြောင်း၊ ကနဦး ကွန်မြူနစ်နိုင်ငံ တရုတ်သို့ ခိုလှုံခွင့်လျှောက်ထားရာ ပယ်ချခံရသဖြင့် အီဂျစ်သို့ပြန်လာပြီး ထိုမှတစ်ဆင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ သွားရောက်ကာ လူမှောင်ခိုသမားများနှင့်တွေ့ဆုံကာ ဥရောပသို့ ထွက်ခွာခိုလှုံရန် ဆက်သွယ်ခဲ့သည်ဟု အဘူဒါကာက ပြောပြခဲ့သည်။
လူမှောင်ခိုသမားများနှင့်ဆက်သွယ်ပြီး အီဂျစ်မှ ထွက်ခွာရန် ၁၀ ကြိမ်အထိ ကြိုးစားခဲ့ရာ မအောင်မြင်သဖြင့် နောက်ဆုံး ကိုယ့်နည်းကိုယ်ဟန့်ဖြင့် ဥရောပသို့ အရောက်သွားမည်ဟု ဆုံးဖြတ်ကာ လစ်ဗျားရှိ အွန်လိုင်းစျေးကွက်မှ ယာမာဟာ ဂျက်စကီးတစ်စီးကို ဝယ်ယူပြီး အခြားဆက်စပ်ပစ္စည်းများဖြစ်သော GPS၊ ဂြိုဟ်တုဖုန်းနှင့် အသက်ကယ်ဝတ်စုံများဝယ်ရန် ပေါင် ၁၁၀၀ သုံးကာ စုစုပေါင်း ပေါင် ၃၀၀၀ အကုန်ခံပြီး ထိုဂျက်စကီးနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်လာခြင်းဖြစ်သည်ဟု အဘူဒါကာက ဆိုသည်။
အီတလီတောင်ပိုင်း လမ်ပီဒူဆာကျွန်းသို့ ၁၂ နာရီ ဂျက်စကီးမောင်းနှင်ရာတွင် ဆီ လောက် မလောက် ကို ChatGPT ၌ တွက်ချက်ကာ ထွက်လာခဲ့သော်လည်း လမ်ပီဒူဆာသို့ရောက်ရန် မိုင် ၂၀ အလိုတွင် ဆီကုန်သွားပြီး ဂြိုဟ်တုဖုန်းမှ အကူအညီတောင်းနိုင်ခဲ့ရာမှ လိုရာခရီးရောက်ခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ရိုမေးနီးယားကင်းလှည်ရေယာဉ်ကတွေ့ရှိပြီး ၎င်းတို့အား ဥရောပသမဂ္ဂနယ်စပ်အေဂျင်စီ Frontex စီမံကိန်းလက်အပ်ခဲ့ရာမှ အီတလီမြေပေါ် ရောက်နိုင်ခဲ့ပြီး ဆစ္စလီမှ ဂျီနိုအာသို့ ဘတ်စ်ကားစီးကာ ဂျီနိုအာမှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်သို့ ထွက်ခွာပြီး ထိုမှတစ်ဆင့် ဂျာမနီသို့ ဝင်ရောက်ကာ ခိုလှုံခွင့် တောင်းခံထားဆဲဖြစ်သည်ဟု အဘူဒါကက ၎င်းတို့၏ စွန့်စားခန်းအား ရိုက်တာသတင်းဌာနသို့ ပြောပြသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပါလက်စတိုင်း
#ဂါဇာ
#ဥရောပ
#ဂျက်စကီး
#မြေထဲပင်လယ်








