မဲခေါင်၊ ဇွန် ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ကို တိုက်ခိုက်ရေး ၂ ပတ်အတွင်းဆုံးဖြတ်မည်ဟု ထုတ် ပြန်အပြီး ၂ ရက်အကြာမှာပင် ဇွန် ၂၁ ရက်ည၌ ရုတ်တရက် အီရန်၏ ပင်မ နျူကလီးယား ဆိုက် ၃ ခုကို စတင်ပစ်ခတ်တိုက်ခိုက်လိုက်ပြီဖြစ်သည်။
အီရန်၏ နျူကလီးယားပရိုဂရမ်နှင့်လက်နက်ထုတ်လုပ်နိုင်ရေး အဓိကကျသော မြေအောက် နျူကလီးယားဆိုက်ကြီး Fordow နှင့် Natanz ၊ Isfahan နျူကလီးယားဆိုက် ၃ နေရာကို B-2 ဗုံးကြဲ လေယာဉ် ၆ စီးမှ ပေါင် ၃၀၀၀၀ ရှိ ဘန်ကာဖျက် GBU-57 MOP ဗုံး ၁၂ လုံး၊ ပါရှန်ပယ်လယ်တွင်းမှ နျူကလီးယားရေငုပ်သင်္ဘောမှ BGM-109 TLAMs ဒုံးကျည် ၃၀ ဖြင့် တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် အရှေ့ခန်းမမှ တစ်ဆင့် ရုပ်သံ သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ကာ အီရန် နျူကလီးယားပရိုဂရမ်ကို ဖျက်ဆီးပစ်မှ ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှုလိုချင်လျှင် ချက်ချင်း ဆွေးနွေးသဘောတူပေးလိုက်လျှင် ဖြစ်နိုင်သေးကြောင်း၊ သို့မဟုတ် လျှင် အီရန်အတွက် ကြေကွဲစရာများဖြစ်သွားရမည်ဖြစ်ကာ လက်ရှိမှာပင် ပထမဆုံး တိုက်ခိုက်မှု အောင်မြင်ပြီး အီရန် နျူကလီးယားပရိုဂရမ်များ အလုံးစုံပျက်စီးသွားခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
သို့သော် အီရန်ခေါင်းဆောင် ခါမီနီကိုယ်စားပြုဟန်ရှိသော ခါမီနီထောက်ခံ အီရန်မီဒီယာ ဝါဒဖြန့်သမား ဟော့ဆိန်းရှာရီယက်မာဒါရီက တုံ့ဆိုင်းမနေဘဲ မိမိတို့ တုံ့ပြန်အလှည့်ရောက်ပြီဖြစ်သည်ဟု ထုတ်ပြန် ကာ ပထမအဆင့်အနေဖြင့် ဘာရိန်းရှိ အမေရိကန် လေတပ်ရေယာဉ်စု၊ ဟောမတ်ဇ် ရေလက်ကြားရှိ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ် စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
တစ်ကမ္ဘာလုံးတွင် အီရန်၏ မဟာဗျူဟာအကျဆုံး မြေအောက်ပေ ၃၀၀၌ ကျောက်ချပ်နှင့် သံမဏိများဖြင့် တည်ဆောက်ထားသော Fordow နျူကလီးယားစက်ရုံကို ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိ သော တစ်ခုတည်းသော လက်နက်ဆိုသည့် ပေါင် ၃၀၀၀၀ ဘန်ကာဖျက် GBU-57 MOP ဗုံးကို အမေရိကန်သည် ယခုတစ်ကြိမ် ပထမဆုံး အသုံးပြုခြင်းဖြစ်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အလွန်အန္တရာယ်များသော အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဒေသတွင်း အလုံးစုံစစ်ဖြစ်ပွားမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
အီရန်အဏုမြူစွမ်းအင်အဖွဲ့ ကမူ အမေရိကန်၏ တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကိုချိုးဖောက် ခြင်းဖြစ်သည်သာဆိုကာ အပျက်အဆီးအနေအထားကို မထုတ်ပြန်ဘဲ မိမိတို့ နိုင်ငံ စက်မှုစွမ်းအား လုပ်ငန်းကို မည်သည့်နည်းနှင့်မျှ ရပ်တန့်ရန် မဖြစ်နိုင်ဟု ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အမေရိကန်
#အီရန်
#နျူကလီးယား
#ဗုံးကြဲလေယာဉ်








