မဲခေါင်၊ ဇွန် ၁၆
ဇွန် ၁၅ ရက်တွင် အစ္စရေးဘက်မှ အီရန်နိုင်ငံအတွင်း ၃ ရက်ဆက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အီရန်တွင် အနည်းဆုံး ၄၀၆ ဦးသေဆုံးကာ ၆၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် Human Rights Activists လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အီရန်အစိုးရဘက်မှ သေဆုံးဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ဘဲ ရေနက်ချက်စက်ရုံ ၂ ရုံးပျက်စီးခဲ့ရ သည်ဟုသာ ထုတ်ပြန်ခဲ့သည်။
သို့သော် ဇွန် ၁၃ ရက်ကတည်းက အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန် ဗိုလ်ချုပ်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာနှင့်အရပ်သားများစွာ သေဆုံးခဲ့ရကြောင်း သတင်းများအခိုင်အမာထွက်ပေါ်ခဲ့ပြီး အစ္စရေးဘက်မှ ပြည်သူများ သေဆုံးမှုမရှိစေရေး အီရန်၏ လက်နက် သိုလှောင်ရုံ၊ ရေနံသိုလှောင်ရုံများနှင့် စစ်ရေးပစ်မှတ်များ အနီး နေထိုင်ခြင်းမပြုဘဲ ရှောင်နေရန် သတိ ပေးကာ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဇွန် ၁၅ ရက်တွင် အစ္စရေးဘက်က အီရန်သို့ ပထမဆုံးအကြိမ် နေခင်းဘက်၌ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အီရန်ဘက်မှလည်း ချက်ချင်းဆိုသလို ပြန်လည် တိုက်ခိုက်မှုကြောင့် မွန်းလွဲ ၄ နာရီ ဝန်းကျင်တွင် အစ္စရေးနိုင်ငံတစ်ဝန်း အန္တရာယ်အချက်ပေး ဥဩသံများ ဆူညံသွားခဲ့သည်။
အစ္စရေး ဘက်က ဇွန် ၁၃ ရက်နေ့ မှစတင်ပြီး အီရန်တိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံးကာ ၃၉၀ ဒဏ်ရာရခဲ့ သည်ဟု ထုတ်ပြန်ခဲ့ပြီး အီရန်ဘက်မှ စုစုပေါင်း ဒုံးကျည် အလုံး ၂၇၀ ပစ်ခတ်ခဲ့ရာ၌ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ချိုးဖောက်ပြီး ကျရောက်ခဲ့သည့် ဒုံးကျည်ပေါင်း ၂၂ လုံးရှိခဲ့ရာမှ သေဆုံးဒဏ်ရာရ ခြင်းများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
အစ္စရေးသည် ဇွန် ၁၅ ရက် အစောပိုင်းတွင် အီရန် ကာကွယ်ရေးဝန်ကြီး ဌာနချုပ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ အခြားစစ်ရေးအဆောက်အအုံများနှင့် နျူကလီးယားပရိုဂရမ် ပစ်မှတ်များသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နျူကလီးယားသိပ္ပံပညာရှင်များအပါ သေဆုံးမှု ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အစ္စရေး စစ်ထောက်လှမ်းရေး ကွန်မန်ဒိုများသည်လည်း အီရန်နိုင်ငံအတွင်းအထိ စိမ့်ဝင် ရောက်ရှိနေပြီး အမြင့်ဆုံးအဆင့် တိုက်ပွဲများကို ဖော်ဆောင်နေခြင်းကြောင့် အီရန်ဘက်မှ အကျအဆုံး များခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တစ်ရက်တည်းတိုက်ခိုက်မှုကြောင့် အီရန်တွင် စစ်ဘက်ဆိုင်ရာမှ အယောက် ၉၀ သေဆုံးပြီး အရပ်သား ၁၉၇ ယောက် သေဆုံးခဲ့သည်ဟု Human Rights Activists က ဆိုသည်။
အီရန်၏ ပစ်ခတ်မှုကြောင့် အစ္စရေးတွင်လည်း တဲလ်အဗစ်မြို့အနီး ဘတ်ယန်အဆောက်အအုံတစ်ခု ထိမှန်ကာ ၁၀ နှစ်သားနှင့် ၉ နှစ်သားအပါ အနည်းဆုံး ၆ ဦးသေဆုံးကြောင်းနှင့် ၁၈၀ ကျော် ဒဏ်ရာရ ပြီး ၇ ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသခံ ရဲမှူးတစ်ဦးက ပြောဆိုသွားသည်။
အစ္စရေးမြောက်ပိုင်း အာရပ်မြို့ တမ္မရာရှိ အဆောက်အအုံတစ်လုံး ထိမှန်မှုကြောင့်လည်း ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါ နောက်ထပ် ၄ ဦးသေဆုံးကာ ၄၂ ယောက် ဒဏ်ရာရခဲ့သည်။ ဟိုင်ဖာမြို့တွင် ရေနံသန့်စင်စက်ရုံ ထိမှန်ပေါက်ကွဲမှုရှိသော်လည်း သေဆုံးမှုမရှိဟု စက်ရုံတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: telegraphindia
#MeKongNews
#အီရန်
#အစ္စရေး
#ထိခိုက်သေဆုံး
#ရေနံချက်စက်ရုံ








