ပူတင်မကြာခင်သေပြီး စစ်ပွဲပြီးဆုံးမည်ဟု ပြင်သစ်ခရီးစဉ်တွင် ဇီလန်းစကီး ပြောကြား
မဲခေါင်၊ မတ် ၂၈
ပြင်သစ်သမ္မတမက်ခရွန်နှင့် ပဲရစ်တွင်သွားရောက်တွေ့ဆုံစဉ် ယူကရိန်းသမ္မတ ဇီလန်းစကီးက ပူတင်သည် မကြာမီသေဆုံးမည်ဖြစ်ကာ ၎င်းသေဆုံးသွားလျှင် စစ်ပွဲမှာလည်း ပြီးဆုံးသွားလိမ့်မည်ဟု မီဒီယာများနှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။
ဒေါ်နယ်ထရမ့်သမ္မတ ဖြစ်လာပြီးနောက် အမေရိကန်၏ မူဝါဒပြောင်းလဲခြင်းနှင့် အထောက်အပံ့ရပ်စဲခြင်းတို့ကြောင့် ဥရောပမဟာမိတ်များက ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေး ဆွေးနွေးမှု၌ မက်ခရွန်က ယူကရိန်းစစ်ရေးအကူအညီ ဒေါ်လာ ၂ . ၂ ဘီလီယံဖိုး ပေးအပ်သွားမည်ဟု အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် ဥရောပမဟာမိတ်တပ်များ ယူကရိန်းထံ စေလွှတ်ကူညီလာနိုင်မည့်အရေး မီဒီယာများက မေးမြန်းရာ ဇီလန်းစကီးက ထိုအခြေအနေချင့်တွက်ရန် မရောက်သေးကြောင်းနှင့် လက်ရှိမှာပင် အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှု ကနဦး ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကိုပင် ရုရှားဘက်မှ လက်ခံခြင်းမရှိသေးသည့်အတွက် စောင့်ကြည့်ရဦးမည်ဟု ဦးစွာပြောဆိုသွားခဲ့သည်။
ထိုပြောဆိုမှုတွင် ဇီလန်းစကီးက ပူတင်သည် ပြီးခဲ့သည့်နှစ်များအတွင်း မျက်နှာကြောဆွဲခြင်း၊ ခြေထောက်တုန်ခါနေခြင်း၊ မျက်လုံးတွင်းသွေးခြေဥခြင်း၊ စကားပြောထစ်နေခြင်း၊ အားနည်းခြင်း၊ မေ့လျော့ခြင်းနိမိတ်ပုံများရှိခဲ့သည်ကို ထောက်ကာ မကြာမီ ပူတင်သေဆုံးသွားမည်သာဖြစ်ကာ ၄င်း သေဆုံးပါက စစ်ပွဲလည်းအလိုအလျှောက် ချုပ်ငြိမ်းသွားမည်ဟု မီဒီယာများကို ပြောဆိုသွားခြင်း ဖြစ်သည်။
ကိုကလင်း
Ref: novinite
#MeKongNews









