တောင်ကိုရီးယားတောမီးကြောင့် သေဆုံးသူ ၁၈ ဦးအထိ မြင့်တက်လာ
မဲခေါင်၊ မတ် ၂၇
ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးတောမီးလောင်ခြင်းနှင့် ရင်ဆိုင်နေရသော တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း၊ လူပေါင်း ၂၇၀၀၀ ကျော် အားချင်းနေအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး စစ်တပ်၏ အကူအညီနှင့်အတူ မီးသတ်သမားပေါင်း ထောင်နှင့်ချီကာ တောမီးငြိမ်းသတ်နိုင်ရန် အသည်းအသန် ကြိုးစားနေရကြောင်း သိရသည်။
ခြောက်သွေပူပြင်းသော ရာသီ၊ လေပြင်းတိုက်ခတ်ခြင်းနှင့် Uiseong စီရင်စုမှ စတင်လောင်ကျွမ်းသည့် တောမီးမှာ ယင်းဒေသမှာပင် ၁၄ ယောက်သေဆုံးစေသလို အိမ်နီးချင်း Sancheong စီရင်စုတွင်လည်း နောက်ထပ် ၄ ယောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း မတ် ၂၆ နံနက်ပိုင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
သေဆုံးသူများမှာ အများအားဖြင့် အသက် ၆၀ နှင့် ၇၀ ကျော်များဖြစ်ပြီး တောင်စောင်းဒေသများတွင် အဓိက မီးလောင်နေသဖြင့် အားကိုးရာမှာ ရဟတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းသာရှိပြီး Uiseong တောမီးကြောင့် ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်ဆိုက်များစွာ မီးလောင်ပျက်စီးကိန်းလည်း ဆိုက်နေရပြီဖြစ်သည်။
လက်ရှိတွင် မီးသတ်သမားပေါင်း ၄၉၁၉ ဦး စေလွှတ်တာဝန်ယူထားပြီး ရဟတ်ယာဉ် ၈၇ စီးလည်း မီးငြိမ်းသတ်မှုတွင် ပါဝင်နေကြောင်း၊ မီးလောင်ပျက်စီးပြီးဖြစ်သော ဧရိယာမှာ ၃၇၀၆၅ ဧက (၁၅၀၀၀ ဟက်တာ) ရှိနေပြီဖြစ်ကြောင်းနှင့် အလွန်ခက်ခဲသော အခြေအနေရှိနေသည်ဟု တောင်ကိုရီးယား ဘေးကင်းလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကိုကလင်း
Ref:The Nation








