ဥရောပကို အမေရိကန် အကာအကွယ် မပေးထားလျှင် မည်သည့်အခါမှ ပူတင်ရပ်တန့်မည်မဟုတ်ဟု စတာမာ သတိပေး
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ဥရောပကိုယ်စားပြု ဦးဆောင်သူအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဆာကိုင်ရာ စတာမာသည် ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်း၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝါရှင်တန်ဒီစီမြို့သို့ သွားရောက်တွေ့ဆုံရန် လေဆိပ်မှ မထွက်ခွာမီ အမေရိကန်အနေဖြင့် ဥရောပကို အကာအကွယ်မပေးပါက ကြမ်းကြုတ်ရက်စက်သော ရုရှား သမ္မတ ပူတင်၏ သွေးဆာသော လုပ်ရပ်များမှာ မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်ဟု မီဒီယာများကို ဖွင့်ဟ ပြောကြားသွားခဲ့သည်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန် တက်ရောက်လာပြီးနောက် ရုရှား၏ ယူကရိန်းကျူးကျော်စစ်အပေါ် အမေရိကန်နိုင်ငံ၏ ရပ်တည်မှုသဘောထား ဆန့်ကျင်ဘက်လားရာသို့ ပြောင်းလဲသွားခဲ့ကာ ယူကရိန်းသမ္မတဇီလန်းစကီးကိုပင် အာဏာရှင်ဟု ဝေဖန်ခဲ့သလို မဟာမိတ်ဖြစ်ခဲ့သော ဥရောပနိုင်ငံများကို လည်း သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်ရှိသည်ဟု ဆိုသည်။
နေတိုးအဖွဲ့သည်လည်း မိမိတို့ ဥရောပ လုံခြုံရေးအတွက် အမေရိကန်မှ အများဆုံး စစ်ရေးအသုံးစားရိတ်ထုတ်ပေးနေရခြင်းထက် မိမိတို့ဘာသာ ကာကွယ်နိုင်ရေး ပြင်ဆင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဥရောပနိုင်ငံခေါင်းဆောင်များနှင့်ယူကေတွင် တနင်္ဂနွေနေ့ (မတ် ၂ ရက်) ၌ စတာမာ အစည်းအဝေး မလုပ်မီ ဒေါ်နယ်ထရမ့်နှင့် ဦးစွာ သဘောထားဆွေးနွေးနိုင်ရေး ဝါရှင်တန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထိုခရီးစဉ်မထွက်ခွာမီ စတာမာက ဇီလန်းစကီးသည် အာဏာရှင်မဟုတ်ကြောင်း၊ ပူတင်သည်သာ ရန်လိုသူ အဖြစ် ယူကရိန်းကို ကျူးကျော်သိမ်းပိုက်နေခြင်းဖြစ်သလို တခြားသော ဥရောပ နိုင်ငံများကိုလည်း ဆက်လက် ထိုးစစ်ဆင်မည်မှာ အတိုင်းသားမြင်နေရကြောင်း၊ ထို့ကြောင့် အမေရိကန်က ဥရောပကို ကျောထောက်နောက်ခံ ပြု အကာအကွယ်မပေးလျှင် ပူတင်၏ ရန်လိုမှုများ မည်သည့်အချိန်မှ ရပ်တန့်မည်မဟုတ်ဟု ထရမ့်ကို သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် စတာမာက ထရမ့်သည် လက်ရှိအထိ နေတိုးအဖွဲ့ဝင်နိုင်ငံများသည်သာ အမေရိကန်၏ အဓိက မဟာမိတ်အဖြစ် ဆက်လက် လက်ခံထားဆဲဖြစ်ကာ ထရမ့်အပေါ် ယုံကြည်မှု ရှိနေသေးကြောင်းပါ ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref:Thesun
ကိုကလင်း
#MeKongNews








