ဇီလန်းစကီးသည် အာဏာရှင်မဟုတ်ဟု ယူကေနှင့်ဂျာမနီနိုင်ငံခေါင်းဆောင်များ ကာကွယ်
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ယူကရိန်းသမ္မတ ဇီလန်းစကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဏာရှင်ဟု စွပ်စွဲခဲ့ခြင်းအပေါ် မဟုတ် မှန်ကြောင်း ယူကေနှင့် ဂျာမနီနိုင်ငံ့ခေါင်းဆောင်များက ကာကွယ်ပြောဆိုသွားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ရုရှား- ယူကရိန်း စစ်ပြေငြိမ်းနိုင်ရေး အမေရိကန်နှင့် ရုရှားသာ ဆော်ဒီတွင် သွားရောက် ဆွေးနွေးနေပြီး ကာယကံရှင် ယူကရိန်းကို ဖယ်ချန်ပြီး ဆွေးနွေးနေခြင်းဖြစ်ရာ တရားမျှတမှုမရှိခြင်းအတွက် ဇီလန်းစကီးက ပြန်လည် မေးခွန်းထုတ်ခဲ့ပြီး ထရမ့်သည် ရုရှား၏ လိမ်လည်လှည့်ဖျားသော သတင်းများကြား တွင် နေထိုင်နေသည်ဟု ဝေဖန်ခဲ့သည်။
ထိုအခြေအနေတွင် ဇီလန်းစကီးသည် ၂၀၂၄ မေလက သမ္မတ သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ရွေးကောက်ပွဲမလုပ်ခဲ့ဘဲ စစ်ပွဲကာလကြောင့် စစ်ဥပဒေပြဌာန်းထားသည့်အတိုင်း တိုင်းပြည်ကို ဆက်လက် ဦးဆောင်အုပ်ချုပ်နေခဲ့ခြင်းအပေါ် ဒေါ်နယ်ထရမ့်ကရည်ရွယ်ပြီး အာဏာရှင်ဖြစ်သည်ဟု ပြန်လည်ဝေဖန်ခဲ့ရာ ဥရောပ ထိပ်သီးနိုင်ငံများက ဒေါ်နယ်ထရမ့်၏ စွပ်စွဲမှုများကို လက်မခံကြောင်း တုံ့ပြန်ခဲ့ကြသည်။
ယူကေ ဝန်ကြီးချုပ် ကိုင်ရာစတာမာက ဇီလန်းစကီးသည် ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြည်သူ ရွေးကောက် တင်မြှောက်ထားသော နိုင်ငံခေါင်းဆောင်ဖြစ်ကာ ဒုတိယကမ္ဘာစစ်တုန်းက မိမိတို့နိုင်ငံသည်လည်း စစ်ပွဲကာလ အတွင်းဖြစ်သောကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့သည့် သာဓက ရှိကြောင်း ကာကွယ်ပြောကြားခဲ့သည်။
ဂျာမန် အဓိပတ္တိ အိုလက်ဖ်ရှို့လ်ဇ်ကလည်း လူမှုကွန်ရက် X တွင် ဇီလန်စကီးသည် ဒီမိုကရက်တစ်နည်းလမ်းကျစွာ သမ္မတ ဖြစ်လာသူဖြစ်ခြင်းကို တရားဝင်ခြင်းမရှိသည့် ပုံစံပြောဆိုခြင်းမှာ အန္တရာယ်ရှိကြောင်း၊ စစ်ပွဲကာလ အလယ်တွင် ယူကရိန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ရွေးကောက်ပွဲကို လိုအပ်သည့်အနေအထား ကြောင့် ရပ်ဆိုင်းခြင်းမှာ မည်သူမျှ တရားမဝင်ဟု ဝင်ပြောခွင့်မရှိကြောင်း ထရမ့်အပေါ် ဝေဖန်သွားခဲ့သည်။
ဆွီဒင်ဝန်ကြီးချုပ် ၊ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး၊ ပြင်သစ် သမ္မတတို့ကလည်း ဇီလန်းစကီးဘက်မှ ရပ်တည်ကာ ရုရှား၏ ကျူးကျော်စစ်ဖြစ်ပွားရခြင်းသည် ယူကရိန်းကြောင့်ဟု စွပ်စွဲလာသော ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုများ ကို ဘဝင်မကျကြောင်း တုံ့ပြန်ခဲ့ကြသည်။
Ref: euronews
ကိုကလင်း
#MeKongNews








