နိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာမရောက်ဟု ဒေါ်နယ်ထရမ့် ပြော
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
သမ္မတ အမိန့်အာဏာကို အလွန်အကျူး အသုံးပြုပြီး နိုင်ငံဝန်ထမ်းများစွာ ထုတ်ပယ်ခြင်း၊ အစိုးရအေဂျင်စီများစွာကိုပယ်ဖျက်ခြင်း၊ နိုင်ငံတကာအထောက်အပံ့ ရန်ပုံငွေများကို ပိတ်ပင်ခြင်းများစွာ လုပ်ဆောင်နေခဲ့သော ဒေါ်နယ်ထရမ့်က မိမိနိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာမရောက်နိုင်ဆိုသည့် နပိုလီယံ၏ လက်သုံးစကား အသုံးပြုကာ ဝေဖန်မှုများကို တုံ့ပြန်သွားခဲ့သည်။
ထရမ့်သည် အိမ်ဖြူတော်သို့ဝင်ရောက်ပြီး ပထမတစ်ပတ်အတွင်းမှာပင် သမ္မတအာဏာကန့်သတ်ချက်များကို ဂရုမပြုဘဲ သမ္မတအမှုဆောင်အမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ကာ ဝန်ထမ်းများစွာကို ထုတ်ပယ်ခြင်း၊ နိုင်ငံအတွင်းအထောက်အထားမဲ့ဝင်ရောက်လာပြီး မွေးဖွားသော ကလေးများကို နိုင်ငံသားအဖြစ် လက်မခံခြင်း၊ သူ့အမှုများအား ယခင် စစ်ဆေးခဲ့သော ရှေ့နေများကို ထုတ်ပယ်ခြင်း၊ လွှတ်တော်မှ ထူထောင်ထားသည့် စောင့်ကြည့်အေဂျင်စီများကို လွှတ်တော်ထံ မတင်ပြဘဲ ဖျက်သိမ်းခြင်း၊ နိုင်ငံတကာ ရန်ပုံငွေများကို ဆိုင်းငံ့ခြင်း များစွာ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဝေဖန်မှုများမြင့်တက်လာသော်လည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် Truth Social အကောင့်ပေါ် နပိုလီယံ လက်သုံးစကားဖြစ်သည့် နိုင်ငံကို ကာကွယ်သောသူသည် မည်သည့် ဥပဒေကိုမျှ ချိုးဖောက်ရာမရောက် ဟူသည့်စာသားကို ရေးတင်ခဲ့ပြီး တစ်ဆက်တည်းဆိုသလို ၎င်း၏ X လူမှုကွန်ရက်နှင့် အိမ်ဖြူတော် X လူမှုကွန်ရက် စာမျက်နှာပေါ်ပါ အဆိုပါ စာသားကို ရေးတင်သွားခဲ့သည်။
ဒုတိယအကြိမ် သမ္မတဖြစ်သေးမီ စည်းရုံးရေးဆင်းစဉ် ၂ ကြိမ်တိုင် သေနတ်ဖြင့် လုပ်ကြံခံရမှုနှင့် ကြုံဆုံခဲ့ရပြီးနောက် ထရမ့်က မိမိ၏ အလိုကို ဘုရားသခင်က ကျောထောက်နောက်ခံပြုပေးနေသည်ဟု ပြောဆိုပြီးနောက် အမေရိကန်သမ္မတများသမိုင်း၌ ထူးထူးကဲကဲ သမ္မတ အမိန့်အာဏာများစွာ အသုံးပြုပြီး အမေရိကန် ဥပဒေ ထုံးတမ်းအစဉ်အလာများကို သွေဖယ် ဆောင်ရွက်နေခြင်းဖြစ်သည်။
Ref: japantimes
ကိုကလင်း
#MeKongNews








