မဲခေါင်၊ ဇန်နဝါရီ ၁၈
တူရကီနိုင်ငံမှာ အဆိပ်သင့်စေတဲ့ မက်သနောနဲ့ချက်ထားတဲ့ အရက်ပုန်းသောက်သုံးမှုကြောင့် တပတ်အတွင်း ၃၃ ယောက်သေဆုံးပြီး ၄၈ ယောက် ဆေးရုံတင်ခဲ့ရတာကြောင့် အရက်ပုန်းရောင်းတဲ့ လေးယောက်ကို ဖမ်းဆီးထားကြောင်း ဇန်နဝါရီ ၁၆ ရက်မှာ တူရကီအာဏာပိုင်တွေက ထုတ်ပြန်သွားပါတယ်။
၂၀၂၅ ခုနှစ်၊ နှစ်စကနေ ဒီနေ့အထိ တူရကီမှာ တရားမဝင်ချက်အရက် ထုပ်လုပ်မှုလုပ်ငန်းပေါင်း ၆၄ ခုကို ပိတ်သိမ်းခဲ့ပြီး တရားမဝင်အရက် ၂၉ တန်ကို သိမ်းဆည်းဖျက်သိမ်းခဲ့ပါတယ်။
မနှစ်ကပဲ အစ္စတန်ဘူလ်တစ်မြို့ တည်းမှာ အရက်ပုန်းသောက်လို့ သေဆုံးသူပေါင်း ၄၈ ယောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ တစ်လထဲ အစ္စတန်ဘူလ်မြို့မှာ အရက်ပုန်းသောက်လို့ ၁၇ ယောက်သေဆုံး၊ ၂၂ ယောက် ဆေးရုံတင်ခဲ့ရပါသေးတယ်။
ဘာကြောင့် တူရကီမှာ ဒီလို အရက်ပုန်းသောက်ပြီး အဆိပ်သင့်သေဆုံးသူနှုန်းမြင်တက်နေရတာလဲဆိုတာကို ဒေသခံ လုပ်ငန်းရှင်တစ်ယောက်က သုံးသပ်ရာမှာတော့ နိုင်ငံသမ္မတ အာဒိုဂန်ဟာ မွတ်ဆလင်ဘာသာ ဆိုဆုံးမ မှုတွေကို အထူး အယူသီးပြီး အရက်၊ ဆေးလိပ်သောက်သုံးခြင်းတွေ လျော့ကျပပျောက်စေဖို့ အခွန်နှုန်းထားကို အဆမတန်မြှင့်တင်ထားခဲ့ရာက အန္တရာယ်ရှိတဲ့ အရက်ပုန်းလုပ်ငန်းများစွာကနေ မက်သနောသုံး အရက်ထုတ်လုပ်မှုတွေ မြင့်တက်ပြီး သေဆုံးနှုန်းမြင့်မားနေရတာဖြစ်တယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း လာအိုနိုင်ငံမှာ ဒီလို မက်သနောရော အရက်ပုန်းတွေသောက်သုံးမိရာက ပြည်ပ ခရီးသွား ခြောက်ယောက် သေဆုံးခဲ့ရသေးပြီး အများစုက မိန်းကလေးငယ်တွေ ဖြစ်ခဲ့ပါတယ်။
မက်သနောဟာ အလွန်အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး တကယ်တမ်း အရက်ချက်ရာမှာ အီသနောကို သာ သုံးပေမယ့် မက်သနော ၄ မီလီလီတာလောက်ထည့်သုံးရုံနဲ့ မျက်လုံးကွယ်နိုင်ကြောင်း၊ မက်သနောဟာ လူခန္ဓာကိုယ်ထဲမှာ ဖောမစ်အက်ဆစ်ဓာတ်ကို ထုတ်ပေးပြီး ဒီဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ အောက်စီဂျင်ကို စွမ်းအင်အဖြစ် ထုတ်လုပ်ပေးရာမှာ ပိတ်ပင်ထားဆီးမှုရှိလို့ ဆဲလ်တွေသေဆုံးခြင်းနဲ့အတူ ကလီဆာတွေ အလုပ် မလုပ်တော့ဘဲ သွေးအန်၊ မူးမော်ပြီး သေဆုံးရတာဖြစ်ပါတယ်။
ထူးခြားချက်ကတော့ မက်သနော အဆိပ်သင့်သူ တွေကို ကုသရာမှာ လူနာတွေဟာ အီသနောနဲ့ချက်တဲ့ အရက်ကို ပြန်သောက်သုံးပေးခြင်းဖြင့်သာ အသဲကို ကာကွယ်ပေးနိုင်တာဖြစ်တယ်လို့လည်း တော်ဝင်မဲလ်ဘုန်းနည်းပညာအင်စတီကျုက ပါမောက္ခ အိုလီဗာဂျုံးစ်က ပြောကြားသွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#တူရကီ
#အရက်ပုန်း
#အခွန်မြင့်မား
#အဆိပ်သင့်








