ယူကရိန်းရောက် ယူကေဝန်ကြီးချုပ်နဲ့ ဇီလန်းစကီးတို့ အနီးကို ရုရှား ဒရုန်းနဲ့တိုက်ခိုက်
မဲခေါင်၊ ဇန်နဝါရီ ၁၇
ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ဟာ ယူကရိန်းမြို့တော် ကိဗ်ကို သွားရောက်ပြီး သမိုင်းဝင် နှစ် ၁၀၀ မိတ်ဖက်နိုင်ငံအဖြစ် စာချုပ်ရာမှာ အနီးအနားကို ရုရှားဘက်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်စတာမာနဲ့ ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ ကိဗ်မြို့လယ်မှာ လွမ်းသူ့ပန်းခွေချအပြီး မိနစ်ပိုင်းအကြာမှာပဲ မာရင်စကီယီနန်းတော်အနီး မောင်းသူမဲ့လေယာဉ်တစ်စီး ရုရှားဘက်က စေလွှတ် တိုက်ခိုက်လို့ လေကြောင်းရန် အချက်ပေး ဥဩသံတွေ တစ်မြို့လုံးဆူညံသွားခဲ့ပါတယ်။
ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ဖျက်ချနိုင်ခဲ့လို့ ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘဲ အပျက်အစီးစတွေကြောင့် ခရီးသည်ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စတာမာက ယူကရိန်းနိုင်ငံသားတွေ ရုရှားရဲ့ နေ့စဉ် အန္တရာယ်ပြုတိုက်ခိုက်နေတာကို ခံစားနေကြရကြောင်း၊ ဒီကနေမှာ ယူကရိန်းနဲ့အတူရှိနေရုံသာမက မနက်ဖြန်၊ ဒီနှစ်၊ နောက်နှစ် ၁၀၀ အထိ မိတ်ဖက်နိုင်ငံအဖြစ် လက်တွဲမပြတ် ရပ်တည်အားပေးသွားမှာဖြစ်ကြောင်း၊ ပူတင်ဟာ ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းမှုတွေ ဖြစ်လာနိုင်တဲ့အနေအထား ပြသပေမယ့် တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးမလိုချင်လို့ ဒီနေ့လို တိုက်ခိုက်မှုမျိုး လုပ်ဆောာင်တာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားသွားပါတယ်။
စတာမာဟာ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူကရိန်းကို လာရောက်ခဲ့တာဖြစ်ကာ နှစ် ၁၀၀ မိတ်ဖက်စာချုပ်အရ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေး၊ ဘောလ်တစ်ပင်လယ်၊ အဇော့ဗ်ပင်လယ်၊ ပင်လယ်နက်တို့မှာ ယူကရိန်းရဲ့ မူဝါဒချမှတ်မှုတွေကို လက်တွဲ ချမှတ်ပေးသွားမှာဖြစ်သလို ဗြိတိန်လုပ်ငန်းတွေ၊ ချေးငွေတွေကို ယူကရိန်းအတွက် နှစ် ၁၀၀ စီမံကိန်းနဲ့ ထောက်ပံ့သွားမှာဖြစ်ပါတယ်။
ဒီထဲမှာ ယူကရိန်းပြန်လည် ထူထောင်ရေးအတွက် ပေါင် ၁၂ . ၈ ဘီလီယံ၊ စစ်ရေးအကူအညီ ပေါင် ၇ . ၈ ဘီလီယံ ပေးသွားဖို့လည်း ပါဝင်ပါတယ်။
Ref:Thesun
MKF-001
#MeKongNews









