အီရန်က မဟာဗျူဟာမြောက် ကိုယ်ပျောက်ဒရုန်း အစီး တစ်ထောင် ထပ်တိုး အင်အားဖြည့်
မဲခေါင်၊ ဇန်နဝါရီ ၁၃
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတသစ် ဖြစ်လာတော့မယ့်အရေးကြောင့် အီရန်ဟာ အင်အားတောင့်တင်းပြီးသား ဒရုန်းတပ်ဖွဲ့မှာ နောက်ထပ် မဟာဗျူဟာမြောက် အဆင့်မြင့်ကိုယ်ပျောက် မောင်းသူမဲ့ယာဉ် (UAV) အစင်း တစ်ထောင်ကို ထပ်မံတီထွင်ထုတ်လုပ်ပြီး တပ်တော်ဝင် အားဖြည့်ထားကြောင်း အီရန် Tasnim သတင်းအေဂျင်စီက ဇန်နဝါရီ ၁၃ ရက်မှာ ရေးသားဖော်ပြသွားပါတယ်။
အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင်တီထွင်ပြီး အဆင့်မြှင့်ထုတ်လုပ်လိုက်တဲ့ ကိုယ်ပျောက် UAV ယာဉ် တွေဟာ ခံတပ်ဘန်ကာကိုပါ ဖြိုချပစ်ခတ်နိုင်စွမ်းရှိကာ အကွာအဝေး ၂၀၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်သလို ဖျက်အားပြင်းစွမ်းအားရှိတယ်လို့ ဆိုပါတယ်။
ရန်သူရဲ့ အဆင့်မြင့်ကာကွယ်ရေးစနစ်ကနေ မမိအောင် ကျော်ဖြတ်နိုင်သလို ပစ်လွှတ်ရာအရပ်က လူသားထိန်းချုပ်စရာမလိုဘဲ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ကြောင်း၊ တောင်ထူထပ်တဲ့ နေရာက ရန်သူတွေကို ချေမှုန်းရေးမှာ ရုတ်ချည်း လမ်းကြောင်းပြောင်း၊ နိမ့်မြင့်တက်ကျ မောင်းနှင်နိုင်ကြောင်းလည်း သိရှိရပါတယ်။
ဒီ UAV အသစ်တွေကို အထူးစစ်ဆင်ရေး၊ ကင်းထောက်ခြင်း၊ နယ်စပ်စောင့်ကြည့်ခြင်း၊ တိုက်ပွဲလက်တွေ့သုံးဖို့အတွက် အရေးပါတဲ့ စစ်အခြေစိုက်စခန်းတွေကို မျှဝေပို့ဆောင်ထားပြီး ဇန်နဝါရီလဆန်းပိုင်းက စစ်ရေးလေ့ကျင့်မှုမှာ စသုံးခဲ့တဲ့ အသေခံဒရုန်းလည်း ပါဝင်ကြောင်း သိရှိရပါတယ်။
အီရန် စစ်အင်အားဟာ ကမ္ဘာ့မှာ အဆင့် (၁၆) နေရာရှိပြီး အစ္စရေးက အဆင့် (၁၅) ၊ စပိန်က အဆင့် (၁၇) မှာရှိနေပါ တယ်။
Ref: shafaq
MKF-001
#MeKongNews









