မြောက်ကိုရီးယား စစ်သား နှစ်ယောက်ကို ယူကရိန်း ဖမ်းမိပြီး ခိုလှုံခွင့် မပေးလို
မဲခေါင်၊ ဇန်နဝါရီ ၁၃
ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားဘက်က ဝင်တိုက်တဲ့ မြောက်ကိုရီးယား စစ်သား ၃၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့ ကက်ရှ်ဒေသ စစ်မျက်နှာပြင်မှာ မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိခဲ့ပြီး ယူကရိန်းက သူတို့နိုင်ငံမှာ ခိုလှုံခွင့်မပေးလိုကြောင်း တောင်ကိုရီယား စပိုင်အေဂျင်စီက ထုတ်ပြန်သွားပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးက လူမှုကွန်ရက် X မှာ ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား စစ်သားတွေအရေးနဲ့ ပတ်သက်လို့ ရွေးချယ်စရာလမ်းအဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဆီ ပြန်လက်လွှဲပေးပြီး ယူကရိန်းစစ်အကျဉ်းသားတွေနဲ့ ပြန်လဲဖို့ စီစဉ်ပေးတာမျိုးအတွက် ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
နောက်တစ်နည်းကတော့ တောင်ကိုရီးယားဘက်ကိုဘက်ပြောင်း ခိုလှုံခိုင်းစေဖို့ ဖြစ်ပြီး ယူကရိန်းနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေ အစည်းအဝေး ခေါ်ယူ တိုင်ပင်နေကြတယ်လို့ ရေးသားဖော်ပြသွားပါတယ်။
ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယားစစ်သား နှစ်ယောက်စလုံးဟာ တောင်ကိုရီးယားဘက် ဘက်ပြောင်းခိုလှုံနိုင်ဖို့ စိတ်ဝင်စားဟန်မပြဘဲ တစ်ယောက်ကတော့ မြောက်ကိုရီးယားကို မပြန်ဘဲ ယူကရိန်းမှာသာ ခိုလှုံနေထိုင်ခွင့် တောင်းခံထားတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားဘက်က မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို သူတို့ ဆီဘက်ပြောင်းခိုလှုံဖို့အရေး ဥပဒေကြောင်းအရ ပြန်လည် ဆန်းစစ်ဖို့၊ နိုင်ငံတကာဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့၊ နှစ်နိုင်ငံ ကောင်စစ်ဝန်ရုံးအကြား ဆွေးနွေးဖို့တွေ လိုသေးကြောင်း ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရုရှားဆီ စစ်သည် ၁၁၀၀၀ ကျော် စေလွှတ်ပြီး ကူတိုက်ခိုင်းရာမှာ ယူကရိန်းရဲ့ ဒရုန်းနည်းပညာကို မသိနားမလည်ကြတဲ့အတွက် ၃၀၀ ကျော်သေဆုံးပြီး ၂၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှု၊ စားဝတ်နေရေးအဆင်မပြေမှု၊ ကင်ဂျုံအန်အစိုးရရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် တောင်ကိုရီးယားဘက် ဘက်ပြောင်းခိုလှုံခဲ့သူပေါင်း ၃၄၀၀၀ ယောက် ရှိခဲ့ပြီး အများစုဟာ ၁၉၉၀ ပြည်လွန်နှစ်နှောင်းပိုင်းမှာ ဘက်ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။
Ref: irishexaminer
MKF-001
#MeKongNews









