ကမ္ဘောဒီးယား အတိုက်အခံအမတ်ဟောင်း ဘန်ကောက်မှာ ပစ်ခတ်လုပ်ကြံခံရ
မဲခေါင်၊ ဇန်နဝါရီ ၈
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်လက်ထက်က နောက်ဆုံးသော အတိုက်အခံပါတီအမတ်ဟောင်း လင်မ်ကင်မ်ယာ (၇၄) နှစ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မိသားစုနဲ့ လာရောက်စဉ် ဆိုင်ကယ်သမားတစ်ယောက် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံလို့ သေဆုံးခဲ့ကြောင်း ထိုင်း Enquirer မီဒီယာက ဇန်နဝါရီ ၇ ရက်မှာ ဖော်ပြပါတယ်။
ဘန်ကောက် ဝပ်ဘိုဝန်နီဝတ် ဝိဟာရ အနီးမှာ နံပါတ်ပြား တပ်ထားခြင်းမရှိတဲ့ အနီရောင်မော်တော်ဆိုင်ကယ်ပေါ် က ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ သေနတ်သမားက ပစ်ခတ်သွားတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရှိရပါတယ်။
လင်မ်ကင်မ်ယာဟာ Siem Reap ကနေ ဘန်ကောက်ကို ဇနီးသည်၊ ဦးလေးနဲ့အတူ ခရီးထွက်လာစဉ် ဒီဖြစ်စဉ်ဖြစ်ပွားရတာဖြစ်ကြောင်း သိရှိရပါတယ်။
လင်မ်ကင်မ်ယာဟာ ဖျက်သိမ်းခံလိုက်ရပြီးဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) က ပါတီအကြီးအကဲ လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ဟွမ်ဆန်က အတိုက်အခံပါတီတွေအားလုံး ဖျက်သိမ်းဖို့ အာဏာနဲ့ အကျပ်ကိုင်ခိုင်းစေမှုမှာ နောက်ဆုံးအထိ တောင့်ခံခဲ့ပြီး ၂၀၁၇ ခုနှစ်ရောက်မှ တရားရုံးချုပ် ကနေ ပါတီဖျက်သိမ်းပေးဖို့ ကတိပေးလိုက်ရတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားမှာ အတိုက်အခံပါတီအဆက်ဆက် က ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပြည်ပထွက်ပြေးတိမ်းရှောင်ကုန်ကြရပြီး ဒီကနေ့မှာ အသက် ၇၄ နှစ် ရောက်မှ လင်မ်ကင်မ်ယာဟာ ဘန်ကောက်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
Ref: Thai Enquirer
MKF-001








