ရိုမေးနီးယားနဲ့ မော်ဒိုဗာ လေပိုင်နက်ကို ကျော်ပြီး ယူကရိန်းကို ရုရှား ဒုံးကျည်တွေနဲ့ ပစ်ခတ်
မဲခေါင်၊ ဒီဇင်ဘာ ၂၇
ဒီဇင်ဘာ ၂၅ ခရစ္စမတ်ရက်နဲ့ ၂၆ မနက်အစောပိုင်းတွေမှာ ရုရှားဟာ ဒုံးကျည်မြောက်မြားစွာနဲ့ ယူကရိန်း နိုင်ငံနေရာများစွာကို ပစ်ခတ်ခဲ့ရာမှာ တချို့ဒုံးကျည်တွေဟာ ရိုးမေးနီးယားနဲ့ မော်ဒိုဗာနိုင်ငံ လေပိုင်နက်ထဲ ဝင်ရောက် ဖြတ်သန်း ပစ်ခတ်ခဲ့လို့ ဥပဒေချိုးဖောက်တာဖြစ်ကြောင်း မော်ဒိုဗာသမ္မတ မီယာဆန်ဒူက ထုတ်ပြန် ပြောဆိုသွားပါတယ်။
ခရစ္စမတ်နေ့က ရုရှားဟာ ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသ၊ မြို့တော် ကိဗ်အပါအဝင် ဒေသများစွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပထမတစ်ကြိမ် ဒုံးကျည် ၇၈ စင်းအနက် ၅၉ စင်းကို ပစ်ချနိုင်ပြီး ဒုတိယအကြိမ် ဒရုန်း ၁၀၂ စင်းအနက် ၅၄ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းဘက်က ထုတ် ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်မှာလည်း ရုရှားဘက်က ဒရုန်း ၃၁ စင်းနဲ့ထပ်မံတိုက်ခိုက်ရာမှာ အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ပြီး မပစ်ချနိုင်ခဲ့တဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကြောင့် ဒဏ်ရာရသူ ၈ ယောက်ရှိကာ ခရစ္စမတ်ရက်မြတ်ကို အေးခဲနေတဲ့ရာသီမှာ အပူပေးစနစ်မသုံးနိုင်၊ မီးမရဘဲ ဗုံးခိုကျင်းထဲ နိုင်ငံသားများစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပူတင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ဝေဖန်ပြောဆိုသွားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အအေးဆုံးအချိန်မှာ လျှပ်စစ်မီးပေးတဲ့ အဓိက ပစ်မှတ်တွေကို ရုရှားရဲ့တိုက်ခိုက်မှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခြင်းနဲ့အတူ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ယူကရိန်းအတွက် လက်နက်တွေ ထပ်မံ ပေးပို့ထောက်ပံ့ဖို့ တိုက်တွန်းပြီး အမေရိကန် စစ်ဌာနချုပ်ကိုလည်း လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်တွေအပါ လက်နက်ခဲယမ်းတွေ ယူကရိန်းဆီ ထပ်ပို့ဆောင်ဖို့ အမိန့်ပေးခိုင်းစေခဲ့ပါတယ်။
Ref: brisbanetimes
MKF-001
#MeKongNews









