မဲခေါင်၊ ဒီဇင်ဘာ ၂၅
အီတလီနိုင်ငံ ဖလောရင့်စ်မြို့ ပင်မအခြေစိုက် ဆန်းဒဝစ်ရှ်စားသောက်ကုန်ပိုင်ရှင် အီတလီသား တိုမာဆိုမက်ဇန်တီဟာ ခရစ္စမတ်လက်ဆောင်အဖြစ် ဝန်ထမ်းတွေကို ပေါင် ၁ သန်း လက်ဆောင်ပေးတဲ့အပြင် မောလ်ဒိုက်က ကြယ် ၅ ပွင့်အဆင့် ဟိုတယ်မှာ ပျော်ပွဲစား ၅ ပတ်တာထွက်နိုင်ဖို့ အခမဲ့ စီစဉ်ပေးခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး လုပ်ငန်းရှင်တစ်ဦးအဖြစ် မီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။
မက်ဇန်တီ CEO အဖြစ် တာဝန်ယူထူထောာင်ထားတဲ့ ဆစ္စလီကျွန်းစတိုင် All’Antico Vinaio ဆန်းဒဝစ်ချ်ဟာ ကမ္ဘာကျော်တဲ့ စားစရာအဖြစ် နာမည်ကျော်ခဲ့ပြီး အမေရိကန်၊ ယူအေအီး အပါအဝင် ကမ္ဘာအနှံ့ ဆိုင်ခွဲပေါင်း ၄၀ ဖွင့်လှစ်ထားနိုင်ပြီဖြစ်သလို ဝန်ထမ်းပေါင်း ၆၀၀ ကို အလုပ်ပေးထားနိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တစ်ခုတည်းအတွင်း သူ့ လုပ်ငန်းကနေ ဝင်ငွေ ပေါင်သန်း ၆၀ ဝန်းကျင် အကျိုးအမြတ်ဖြစ်ထွန်းခဲ့တာကြောင့် သစ္စာရှိ၊ အလုပ်အပေါ် တန်ဖိုးထား စွဲမြဲကြိုးစားပေးတဲ့ အလုပ်သမားတွေရဲ့ ကျေးဇူးကို ပြန်လည်သိတတ်မှုအဖြစ် တစ်ယောက် ပေါင် ၂၅၀၀ နှုန်းနဲ့ ခရစ္စမတ်လက်ဆောင်ပေးခဲ့သလို တရားဝင် အလုပ်နားရက်ဆိုတဲ့ မူဘောင်ကို ကျော်ပြီး ၅ ပတ်တာ အလုပ်နားပြီး မော်လ်ဒိုက်ကို အပန်းဖြေခရီးထွက်ဖို့ပါ စားရိတ်ငြိမ်း စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
မနှစ်က ခရစ္စမတ်လက်ဆောင်ထက် ပေါင် ၄၀၀ တိုးပေးခဲ့တဲ့ မက်ဇန်တီက “မော်လ်ဒိုက်ကို အပန်းဖြေခရီးသွားဖို့ ဆုံးဖြတ်တာက ဒီရပ်ဝန်းမှာ ကျွန်တော့် ငယ်နုစဉ်ဘ၀ ပထမဆုံးသော ဝင်ငွေချက်လက်မှတ်ကို ရရှိခဲ့လို့ ပဲဖြစ်ပါတယ်။ ဇနီးသည်နဲ့အတူ ကျွန်တော်လည်း ဒီကိုသွားလည်ပတ်ဦးမှာပါ။ ဝန်ထမ်းတွေအနေနဲ့ ရည်မှန်းချက်ကို ဇွဲစိတ်သန်စွာနဲ့ ကြိုးစားရင် အောင်မြင်စေချင်တဲ့ ခံစားချက်ဖြစ်ပေါ်စေတယ်။ ကျွန်တော့်အလုပ် အောင်မြင်တာတွေ့တိုင်း ကောင်တာမှာထိုင်ပြီး ငါ့ဝန်ထမ်းတွေလည်း အကျိုးအမြတ်ရှိ၊ ပျော်ရွှင်စိတ်ချမ်းသာမှုတွေ ရစေချင်တဲ့ စိတ်ကြောင့် ဒီလို နှစ်တိုင်း ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့တာပါ။ မပြောပလောက်တဲ့ တတ်နိုင်စွမ်းလောက်သာဖြစ်လို့ စိတ်ထဲ ဘဝင်မကျသေးပါဘူး။ ထပ်ပြီးဖြည့်ဆည်းပေးချင်ပါသေးတယ်” လို့ ပြောသွားခဲ့ပါတယ်။
အားလပ်ရက် မော်လ်ဒိုက် အပန်းဖြေခရီးကိုတော့ မက်ဇန်တီဟာ ဝန်ထမ်းတွေကို မဲနှိုက်ပေးပြီး လုပ်ငန်းအဆင်ပြေစေဖို့ အလှည့်ကျ စေလွှတ်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အီတလီ
#ခရစ်စမတ်
#မော်လ်ဒိုက်
#ငါးပတ်
#လက်ဆောင်
#ဝန်ထမ်း








