ရုံးလုံခြုံရေးတွေ တားဆီးလို့ တောင်ကိုရီးယား သမ္မတရုံးထဲ ရဲတပ်ဖွဲ့ မစီးနင်းနိုင်
ဖက်ဆစ်အာဏာရှင်ဆန်တဲ့ မာရှယ်လော ထုတ်ပြန်မှုလို့ မြောက်ကိုရီးယား မှတ်ချက်ပေး
မဲခေါင်၊ ဒီဇင်ဘာ ၁၂
ဒီဇင်ဘာ ၃ ရက်ညနဲ့ ၄ ရက်မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံကို ကိုင်လှုပ်ခဲ့တဲ့ သမ္မတ ယွန်းဆက်ယိုးရဲ့ မာရှယ်လော (စစ်အုပ်ချုပ်ရေးဥပဒေ) ထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၁၁ ရက်မှာ သမ္မတ ရုံးကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတရုံး လုံခြုံရေးတပ်ဖွဲ့က အဝင်မခံဘဲ တားဆီးနေလို့ အထ မမြောက်နိုင်သေးကြောင်းနဲ့ တစ်ပတ်လုံး တောင်ကိုရီးယား ပဋိပက္ခကြီးနဲ့ပတ်သက်လို့ မှတ်ချက်မပေးသေးတဲ့ မြောက်ကိုရီးယားဟာ ဒီကနေ့မှ ယွန်းဆက်ယိုးလုပ်ရပ်ဟာ ဖက်ဆစ်အာဏာရှင်စနစ်ကို ပြသလိုက်တာလို့ ဝေဖန် ထုတ်ပြန်သွားခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာ KCNA က ယွန်းဆက်ယိုး ရဲ့ မာရှယ်လောကြေညာခြင်းဟာ ဖက်ဆစ်အာဏာရှင်စနစ်ကို ကျင့်သုံးပြီး တောင်ကိုရီးယားကျွန်းဆွယ်ပေါ် ဖက်ဆစ်ဆန်တဲ့ သေနတ်၊ ဓားတွေနဲ့ ပြည်သူတွေကြား သတ်ဖြတ်တိုက်ခိုက်မှုတွေ ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ နိုင်ငံတော် အမြင် တစ်နည်းအားဖြင့် ကင်ဂျုံအန်အာဘော်ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရေးသား ဖော်ပြသွားတာဖြစ်ပါတယ်။
ယွန်းဆက်ယိုးကို သမ္မတအဖြစ် အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချဖို့ ပထမအကြိမ်လွှတ်တော်မှာ မဲခွဲရာမှာ လိုအပ်မဲ ၃ ပုံ ၂ ပုံရဖို့ ၈ မဲလိုတဲ့အတွက် အထမမြောက်ခဲ့ပေမယ့် လာမယ့် စနေနေ့မှာ ယွန်းဆက်ယိုးရဲ့ ပြည်သူ့ အာဏာပါတီ (PPP) ကို အဓိကအတိုက်အခံလုပ်တဲ့ ဒီမိုကရက်တစ်ပါတီ (DP) က ဒုတိယအကြိမ်မြောက် သမ္မတ အပေါ် အယုံအကြည်မရှုအဆိုနဲ့ ထပ်မံဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဦးဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။
ပထမတစ်ကြိမ် မဲခွဲကတည်းက PPP ပါတီ အမတ် ၂ ဦးက သူတို့တင်ထားတဲ့သမ္မတကို ဖြုတ်ချဖို့ မဲပေးခဲ့သလို လက်ရှိမှာ PPP ပါတီအမတ် နောက်ထပ် ၃ ယောက်ပါ ထပ်မံ ထောက်ခံတဲ့အထဲ ပါဝင်လာလို့ စနေနေ့ မဲခွဲပွဲမှာ အနိုင်ရခဲ့ရင် ယွန်းဆက်ယိုးကို ဖမ်းဆီးဖို့ပါ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီအချိန် PPP ပါတီက ယွန်းဆက်ယိုးကို လာမယ့် ဧပြီ သို့မဟုတ် မေမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ဖေဖော်ဝါရီလရောက်မှ သူ့ဘာသူ နုတ်ထွက်ခွင့်ပေးဖို့နဲ့ သမ္မတရာထူးကို လက်ရှိ ဝန်ကြီးချုပ်ကို လွှဲပေးထားဖို့ တောင်းဆိုခဲ့ပေမယ့် ဒါဟာ ဒုတိယအကြိမ် စစ်အုပ်ချုပ်ရေးထုတ်ပြန်ဖို့ အခွင့်အရေးပေးခြင်းသာဖြစ်ကြောင်း အတိုက်အခံပါတီတွေက ကန့်ကွက်ထားကြပါတယ်။
နာရီပိုင်းကြာ အာဏာသိမ်းဖို့ ယွန်းဆက်ယိုးက ထုတ်ပြန်ကြေညာအပြီး လွှတ်တော်အပေါ် ရဟတ်ယာဉ်တွေ စေလွှတ်၊ လွှတ်တော်ထဲ စစ်သားတွေ ဝင်စီးဖို့လုပ်ရာမှာ အဓိက ဦးဆောင်ခဲ့သူ ကာကွယ်ရေးဝန်ကြီး ကင်ယောင် ဟွမ်ကို အသစ်ဖွဲ့လိုက်တဲ့ အထူးထောက်လှမ်းဖော်ထုတ်ရေးအဖွဲ့က အစောဆုံး ဖမ်းဆီးခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးနဲ့ မာရှယ်လောဥပဒေတည်ရာ ဗိုလ်ချုပ်တစ်ယောက်နဲ့ စီနီယာ ရဲအရာရှိကြီး ၂ ယောက်ကိုပါ ဖမ်းဆီးခြင်း၊ ပြည်ပထွက်ခွာခွင့်ပိတ်ခြင်းတွေ ပြုလုပ်ထားပါတယ်။
ဖမ်းဆီးခံရပြီးပြီးချင်း ကာကွယ်ရေးဝန်ကြီးကင်ယောင်ဟွမ်ဟာ မာရှယ်လော အမိန်နဲ့ပတ်သက်သမျှ သူ့အမိန့်ကြောင့်သာဖြစ်ပြီး လက် အောက်ငယ်သားတွေမှာ အပြစ်မရှိကြောင်းပြောဆိုကာ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့မှုကို တာဝန်ရှိသူတွေ က အချိန်မီ တားဆီးလိုက်နိုင်ကြောင်းလည်း သတင်းတွေ အခိုင်အမာထွက်ပေါ်လာပါတယ်။
စုံစမ်းမှုအရ ကင်ဟောင်ဟွမ်ဟာ အမှိုက်မိုးပျံပူပေါင်းတွေ လွှတ်တင်နေတဲ့ မြောက်ကိုရီးယားရဲ့ လွှတ်တင်ရာနေရာတွေကို ဒုံးကျည်နဲ့ ပစ်ခိုင်းခဲ့သူဖြစ်ကာ မြောက်ကိုရီးယားဘက်က သီးမခံနိုင်လောက်တဲ့ ဒရုန်းတွေ ပြုံယမ်းမြို့ဆီ စေလွှတ်ခိုင်းခဲ့သူဖြစ်တယ်လို့ သိရပြီး ဒီလုပ်ရပ်ဟာ စစ်အာဏာသိမ်းဖို့အတွက်အကွက်ချ စီစဉ်တာဖြစ် တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
သမ္မတ ယွန်းဆက်ယိုးကတော့ သူ ၆ နာရီကြာ ထုတ်ပြန်ခဲ့မိတဲ့ မာရှယ်လောကိစ္စဟာ မြောက်ကိုရီးယားထောက်ခံသူတွေ တိုင်းပြည်အပေါ် ခြယ်လှယ်ပုန်ကန်မှု မဖြစ်စေဖို့ နိုင်ငံ အတွက်ရည်ရွယ်ပြီး ကြေညာမိခဲ့ခြင်းသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လာမယ့် စနေနေ့ သမ္မတ အယုံအကြည်မရှိအဆိုမဲခွဲမှု အောင်မြင်ခဲ့ရင် ယွန်းဆက်ယိုးဟာ ဖမ်းဆီးခံရမှာဖြစ်ပြီး နိုင်ငံတည်ငြိမ်မှု ပရမ်းပတာဖြစ်စေခဲ့လို့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်မရဘဲ သေဒဏ်အထိ ကျခံရနိုင်ကြောင်းလည်း သုံးသပ်မှု တွေရှိနေပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ကတော့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သည် ၂၈၅၀၀နဲ့အတူ ဂျပန်စစ်သည်တွေလည်း ရှိနေသေးလို့ မြောက်ကိုရီးယားရန်က ဟန့်တာပေးရေး ကတိကဝတ် ရှိနေဆဲဖြစ်ကြောင်း တိုကျိုကို ရောက်နေစဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားသွားပါတယ်။
သမ္မတ ယွန်းဆက်ယိုး အိမ်တော်ရှေ့မှာတော့ ရေခဲမှတ်အထိ အေးနေတဲ့ရာသီဥတုရှိနေပေမယ့် ထောင်နဲ့ချီတဲ့ တောင်ကို ရီးယားပြည်သူတွေဟာ သမ္မတကို ရာထူးက ဖြုတ်ချရေး ဆန္ဒပြတောင်းဆို နေကြဆဲဖြစ်ပါတယ်။
Ref: japantimes
MKF-001
#MeKongNews









