မဲခေါင်၊ ဒီဇင်ဘာ ၂
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို အတိုက်အခံ တော်လှန်ရေးတပ်တွေဟာ ရုတ်တရက်ဝင်ရောက်စီးနင်း ထိန်းချုပ်ခဲ့တာကြောင့် ဆီးရီးယားသမ္မတ အာဆတ်ဒ်ဟာ တောင်ပိုင်းကို တွက်ပြေးတိမ်းရှောင်သွားရပြီးနောက် အယ်လ်ဆတ်ရဲ့ အရင်းနှီးဆုံး မဟာမိတ် ပူတင်ဟာ အလက်ပိုမြို့ပေါ်ကို ဂျက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အဓိကအားဖြင့် ပြည်ပြေး အစ္စလာမ္မစ်စစ်အုပ်စု Hayat Tahrir al-Sham (HTS) အဖွဲ့နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်လာတာဖြစ်ပြီး ပြင်းပြင်းထန်ထန် ခုခံမှုလည်းမရှိဘဲ အလက်ပိုမြို့က အစိုးရရုံးတွေ၊ အထင်ကရနေရာတွေနဲ့ လေဆိပ်ပါ HTS အဖွဲ့လက်ထဲ တစ်ခဏအတွင်း ကျရောက်သွားခဲ့ရတာ ဖြစ်ပါတယ်။
အလက်ပို တက္ကသိုလ်၊ ဟာမာ၊ အစ်ဒလစ်ဘ်ခရိုင်တွေပါ ဆက်တိုက်ဆိုသလို HTS လက်အောက် ကျရောက်သွားပြီးနောက်မှာတော့ အာဆတ်က သူ့တပ်နဲ့ ရုရှား၊ အီရန်မဟာမိတ်တပ်တွေဟာ မြို့ကို ပြန်လည်သိမ်းယူပြီး ရန်သူကို ချေးမှုန်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှားဂျက်လေယာဉ်တွေဟာ ၈ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အလက်ပိုမြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပျက်စီးမီးလောင်မှုတွေ မြို့အနှံ့ရှိခဲ့သလို HTS နဲ့ မဟာမိတ်မဟုတ်တဲ့ နောက်ထပ် အတိုက်အခံလက်နက်ကိုင် ကာ့ဒ်ရှ်ဦးဆောင် Syrian Democratic Forces (SDF) ကလည်း အလက်ပိုမြို့တိုက်ပွဲမှာ ဝင်ရောက်လာပြီး လေဆိပ်ကို ထိန်းချုပ်လိုက်ပါတယ်။
ဒါကြောင့် ရုရှားဟာ မဟာမိတ် အယ်လ်ဆတ် အရာကျမသွားစေရဘူးလို့ဆိုပြီး အလက်ပိုမြို့ပေါ် ၂၀၁၆ ခုနှစ် နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ သေဆုံးဒဏ်ရာရမှုများစွာလည်း ရှိလာခဲ့ပါတယ်။
ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) ထုတ်ပြန်ချက်မှာ အလက်ပိုမြို့ပေါ် ပြည်သူ အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်းနဲ့ ရုရှားတိုက်လေယာဉ်တွေလက်ချက်ကြောင့် ဖြစ် ကြောင်း ထုတ်ပြန်သွားပါတယ်။
ဆီးရီးယားမှာ အာဏာရှင်အယ်လ်ဆတ်အာဏာတည်မြဲရေးအတွက် ၂၀၁၁ က စတဲ့အာရပ်နွေဦးတော်လှန်းရေး မှာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၅ သိန်းကျော်သေဆုံးခဲ့ရပြီး အခုလို အာဆတ် အစိုးရ ထွက်ပြေးရတဲ့ အလက်ပိုအရေးကြောင့် ရုရှားသမ္မတ ပူတင် ကြံရာမရ အခက်တွေ့နေရပြီဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေး အထူးကျွမ်းကျင်ပညာရှင် အန်တိုနီဂလီးစ်က သုံးသပ်သွားပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲကြောင့် စစ်သည် ၇၃၈၀၀၀ သေဆုံး ဒဏ်ရာရ ပြန်သုံးမရတော့တဲ့ အနေအထားမှာ တစ်ရက်တည်းနဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို ရပ်တန့်စေမယ်လို့ အမေရိကန်သမ္မတသစ်ဖြစ်လာတော့မယ် ဒေါ်နယ်ထရမ့်က ကြုံးဝါးထားမှုကြောင့် ဒေါ်နယ်ထရမ့် သမ္မတရာထူးမယူခင် ယူကရိန်းနယ်မြေတွေကို အသက်ပေါင်းများစွာ စတေးပြီး တိုက်စစ်မြှင့် နယ်မြေသိမ်းမှု တွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေမှာ မဟာမိတ်အီရန်ဟာလည်း လက်ဘနွန်ထဲမှာ သူတို့ ထောက်ပံ့ထားတဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးစစ်ပွဲအတွက် အထူးကူညီထောက်ပံ့နေရသလို အစ္စရေးပစ်တဲ့ ဒုံးကျည် တွေဒဏ်ကိုလည်း ခံနေရတဲ့အတွက် ဆီးရီးယားက မဟာမိတ်အာဆတ် အတိဒုက္ခရောက်နေမှုမှာ ဝင်မကူနိုင်တဲ့ အတွက် ပူတင်အတွက် ဘေးကျပ်နံကျပ် အဖြစ်ဆုံးအချိန်ကို ရောက်ရှိနေပြီး စစ်မျက်မှာပြင် နောက်တစ်ခု ထပ် တည်ရှိလာခြင်းမှာ မကြံတတ်အောင် အကျပ်ရိုက်နေရပြီဖြစ်ကြောင်း အန်တိုနီဂလီးစ်က သုံးသပ်သွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အလက်ပို
#ဆီးရီးယား
#ဗုံးကြဲ
#ပူတင်
#အာဆတ်








