မဲခေါင်၊ နိုဝင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ မငြိမ်းသေးတဲ့ ရန်စကြောင့် တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသူ အမျိုးသားတိုင်း ၁၈ လကနေ ၂၁ လ မဖြစ်မနေစစ်မှုထမ်းရတဲ့ ဥပဒေထုတ်ထားရာမှာ ၂၆ နှစ်အရွယ် လူငယ် အမျိုးသားတစ်ယောက်ဟာ စစ်မှုထမ်းခွင့်ကနေ လွတ်ကင်းနိုင်စေမယ့် ကိုယ်အလေးချိန် မြင့်မားစွာ တင်ခဲ့မှုနဲ့ ဒီကနေ့ ဆိုးလ်မြို့အရှေ့ပိုင်းခရိုင် တရားရုံးကနေ ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ် ချမှတ်ခံလိုက်ရပါတယ်။
၂၆ နှစ်အရွယ် အမျိုးသားဟာ ၂၀၁၇ ခုနှစ်က အရည်အချင်းစစ်စာမေးပွဲမှာ စစ်မှုထမ်းဖို့ အောင်မြင်ပါလျှက် ရွယ်တူသူငယ်ချင်းတစ်ဦး အကြံပေးချက်အရ တစ်နေ့ကို ကိုယ်အလေးချိန် တက်နိုင်သမျှ တက်စေတဲ့ ကယ်လိုရီမြင့်မား အစားအစာတွေကို နှစ်ဆတိုးစားရာက အ၀လွန်ပြီး စစ်မှုထမ်းရမယ့် ကိုယ်အလေးချိန် သတ်မှတ်ချက်ထက် ကျော်လွန်သွားတာပါ။
ဒီလုပ်ရပ်ကို စစ်ဆေးရာမှာ ရည်ရွယ်ချက်ရှိစွာ ဥပဒေကို ရှောင်လွှဲတာဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး ၂ နှစ်တာကာလအတွင်း ကျခံရမယ့် ထောင်ဒဏ် ၁ နှစ်ကို ကျခံစေဖို့ ဆိုင်းငံ့ထောင်ဒဏ် ပေးလိုက်တာလို့ အတည်ပြုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က အရည်အချင်းစစ် စာမေးပွဲစစ်တုန်းမှာ ဒီအမျိုးသား အရပ်က ၅ ပေ ၆ လက်မ၊ ကိုယ်အလေးချိန် က ၈၃ ကီလိုဂရမ် (၁၈၃ ပေါင်) နဲ့ စံချိန်ဝင်ခဲ့ပေမယ့် ၂၀၂၂-၂၃ ခုနှစ်အတွင်း ကာယပိုင်းဆိုင်ရာ စာမေးပွဲမှာ ကိုယ်အလေးချိန်ဟာ ၂၂၅ ပေါင်နဲ့ ၂၃၁ ပေါင်ကြားအထိ မြင့်တက်သွားလို့ ပုံမှန်စစ်မှုထမ်းခြင်းထက် လူမှုဝန်ဆောင်ရေးလုပ်ငန်းတွေမှာသာ ကာလတို တာဝန်ထမ်းဖို့ စာရင်းထဲ ဝင်သွားခဲ့ပါတယ်။
ဒါဟာ သာမန် စစ်မှုထမ်းခွင့်ရှိသူတွေရဲ့ အမြင့်ဆုံးကိုယ်အလေးချိန်ထက် ၄၄ ပေါင်တောင် မြင့်တက်သွားတာဖြစ်ပြီး ဝိတ်ချိန် စဉ်မှာလည်း ရေတွေအများကြီးသောက်ထားရာက မသင်္ကာဘဲ စစ်ဆေးလို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ် တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
Ref: independent
MKF-001
#MeKongNews
#တောင်ကိုရီးယား
#စစ်မှုထမ်း
#အဝလွန်
#ကျော်လွန်
#ဆိုင်းငံ့ထောင်ဒဏ်
#ကျခံ








