မဲခေါင်၊ နိုဝင်ဘာ ၁၃
တရုတ်ဟာ တက္ကလာမာကန် ကန္တာရထဲ မီတာ ၁ သောင်း (၃၂၈၀၈ ပေ) နက်တဲ့ တွင်းကြီး စတင်တူးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ဒီတူးဖော်မှုဟာ ပူပြင်းသိပ်သည်းတဲ့ ဆီလီကိတ်ကျောက်များ (အဓိကအားဖြင့် peridotite) ပါဝင်တဲ့ အပေါ်ယံမြေလွှာနဲ့ အူတိုင်ကြားရှိ ကမ္ဘာ့အတွင်းပိုင်း၏ ဧရိယာအထိတော့ တူးသွားမှာ မဟုတ်ဘဲ ကမ္ဘာမြေအပေါ်ယံလွှာကိုသာ စတင်တူးသွားမှာဖြစ်ပြီး ဆက်လက်တူးမှုအဖြစ် ပျမ်းမျှ ၃၀ ကီလို မီတာအနက်အထိသာ တူးသွားဖို့ စီစဉ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီစီမံကိန်းအတွက် တူးစက်၊ ပိုက်၊ စက်ကိရိယာတန်ချိန်ပေါင်း ၂၀၀၀ အထိ လိုအပ်မယ်လို့လည်း ဆိုပါတယ်။
ဒီလိုတူးဖော်ရခြင်းဟာ ကမ္ဘာမြေရဲ့ ဘူမိဗေဒကို ပိုမိုလေ့လာနိုင်ဖို့နဲ့ ရှားပါးလာတဲ့ အရန် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ရှာဖွေမှုအတွက် အကျိုးဖြစ်ထွန်းလာနိုင်ဖို့ ရည်ရွယ်ကြောင်းလည်း သိရှိရပါတယ်။ ရုရှားတောင် ကိုလာစူပါနက်ရှိုင်းတွင်းကြီး တူးတုန်းက စိန်ခေါ်မှုများစွာနဲ့ ဆယ်စုနှစ် ၂ ခုကြာမှ ပြီးမြောက်ခဲ့လို့ စိန်ခေါ်မှုကတော့ အရမ်းကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်။
ရုရှားရဲ့ ကမ္ဘာ့မြေတွင်းစီမံကိန်းကြီးဟာ စိန်ခေါ်မှု အခက်အခဲများစွာရင်ဆိုင်ခဲ့ရပေမယ့် သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေတွေ့ရှိမှုများစွာနဲ့ အထူးအကျိုးရှိခဲ့ပြီး အနက် မီတာ ၆၀၀၀ (၁၉၆၈၅ ပေ) မှာ မမျှော်လင့်ထားတဲ့ ရေကြောတွေ့ရှိမှု၊ ဟိုက်ဒရိုဂျင်တွေ့ရှိမှုနဲ့ အဏုကြည့်ရေမျောရုပ်ကြွင်းတွေ တွေ့ရှိခဲ့ပါတယ်။
တရုတ်ရဲ့ စီမံကိန်းကတော့ ပိုနက်ရှိုင်းတဲ့အတွက် အောင်မြင်ခဲ့ရင် နှစ်ပေါင်း ၁၄၅ သန်းဝန်းကျင်အတွင်း တည်ရှိခဲ့တဲ့ တိုက်ကြီး ၁၀ ခုရဲ့ ရုပ်ကြွင်းအလွှာတွေကို သိရှိရဖို့ ဖြစ်လာနိုင်ပါတယ်။
အောင်မြင်ခဲ့ရင်တော့ ကမ္ဘာ့ ဘူမိဗေဒလေ့လာမှုအတွက် အဖိုးမဖြတ်နိုင်တဲ့ တွေ့ရှိမှုတွေကို သိရှိနိုင်မှာဖြစ်ပေမယ့် တွင်းတူးရမယ့် စက်ကိရိယာတွေဟာ မဖြစ်မနေ အပူချိန် ၂၀၀ ဒီဂရီဆဲလ်စီးယက်စ် (၃၉၂ ဒီဂရီဖာရင်ဟိုက်) မှာ မပျက်မယွင်း မပျော်သွားစေနိုင်မှ ဖြစ်မယ်လို့လည်း ကြိုတင်တွက်ဆထားပါတယ်။
Ref: Hashem Al-Ghaili
MKF-001
#MeKongNews
#တရုတ်
#တွင်းနက်ကြီး
#ကန္တာရ
#တူးဖော်








