မဲခေါင်၊ နိုဝင်ဘာ ၁၂
ယူကရိန်းနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသက လူနေတိုက်ခန်းတွဲကို နိုဝင်ဘာ ၅ ရက်က လာရောက်ထိမှန်ပေါက်ကွဲခဲ့တဲ့ ဒရုန်းဟာ ယူကရိန်းဘက်က ပစ်လိုက်တဲ့ စပိန်ထုတ် ကိုလမ်ဘာ ဒရုန်းဖြစ်ကြောင်း ရုရှားဝါဒဖြန့်မီဒီယာတွေ စွပ်ဆွဲခဲ့ကြပေမယ့် စောင့်ကြည့် ကင်မရာမှတ်တမ်းတွေမှာ အနှေးပြကွက်နဲ့ ပြန်ကြည့်တဲ့အခါ ရုရှားတပ်ကိုယ်တိုင် မှားယွင်းပစ်ခတ်လိုက်တဲ့ အီရန်ထုတ် Shahed-136 ဒရုန်းသာဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။
ဒီဒရုန်းဟာ သာမန်ကင်မရာမှာ မိုးကြိုးပစ်သလောက်အလျှင်နဲ့ တိုက်တန်းအတွင်းကို ထိမှန်ပြီး မီးလုံးကြီးအဖြစ် ပေါက်ကွဲခဲ့တာဖြစ်လို့ သေချာမမြင်နိုင်ပေမယ့် စောင့်ကြည့်ကင်မရာ မှတ်တမ်းမှာတော့ တောင်ပံနှစ်ဖက်ကပြားပြီး တြိဂံပုံစံရှိတဲ့ အီရန်ထုတ် Shahed-136 ဒရုန်းသာဖြစ်ကြောင်း သိရှိအပြီးမှာတော့ ရုရှားမီဒီယာတွေမှာကိုက အီရန်ထုတ် ဒရုန်းတွေဟာ ပစ်မှတ်မှားယွင်းပြီး နည်းပညာ စိတ်မချရလို့ ကိုယ့်ပြည်သူ့တိုက်တန်းလျားတွေ ပြန်ထိမှန်မှုတွေရှိခဲ့ကြောင်းနဲ့ မှတ်တမ်းပါ တိုက်တန်းရှေ့က တိုက်တန်းတစ်ခုလည်း အလားတူ ဒရုန်း ထိမှန်ခဲ့တယ်လို့ ဝန်ခံ ထုတ်ပြန်သွားခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်တိုက်ခိုက်ခံရမှုမှာ တိုက်ခန်း ၁၀ ခန်း၊ ကား ၇ စီးထိမှန်ပျက်စီးပြီး လူ ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ဟာ ရုရှားစစ်သားတွေ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း သေဆုံးမှုအများဆုံးရက်ဖြစ်ခဲ့ပြီး တစ်ရက်တည်း စံချိန်တင် ၁၇၇၀ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
ယူကရိန်းနယ်မြေအတွင်းမှာရော ရုရှားနယ်မြေတွင်းမှာပါ တစ်ရက်တည်း ဒီစံချိန်နဲ့သေဆုံးမှုဟာ မေလ ၁၃ ရက်နေ့က ၁၇၄၀ ယောက် သေဆုံးမှုစံချိန်ကို ချိုးဖျက်ခဲ့တယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။ ယူကရိန်း စစ်ဦးစီးချုပ်များရုံးက စစ်ပွဲကာလတစ်လျှောက် ရုရှားစစ်သား ၇၁၀၀၀၀ သေဆုံး ဒဏ်ရာရ ဖမ်းဆီး ခံရမှုရှိခဲ့ပြီး အောက်တိုဘာလအတွင်း ရုရှားစစ်သား တစ်ရက်ပျမ်းမျှ ၁၅၀၀ ယောက် သေကြေ ဒဏ်ရာရမှုရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#အီရန်
#ဒရုန်း
#အပြစ်ဖို့
#လွှဲချ








